ရုရှားနိုင်ငံထုတ် ဒီဇယ်ဆီ တန်ချိန် ၄၀,၀၀၀ လောက် တင်လာတဲ့ ရေနံတင်သင်္ဘောတစင်းဟာ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းဆီ မရောက်မီ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရပ်တန့်နေပြီး နောက်ထပ် ဦးတည်ရာက မသေမချာ ဖြစ်နေတယ်လို့ နိုင်ငံတကာ ဈေးကွက်သတင်းအချက်အလက် ပံ့ပိုးပေးတဲ့ Kpler ကုမ္ပဏီက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
AGIOI FANENDES လို့ နာမည်ပေးထားတဲ့ ဒီရေနံတင်သင်္ဘောဟာ အောက်တိုဘာ ၂၃ ရက်က ရုရှားနိုင်ငံ၊ ပရိုင်းမော့စ်ခ်ဆိပ်ကမ်းမှာ ဆာလဖာပါဝင်မှု အလွန်နည်းတဲ့ ဒီဇယ်ဆီတွေကို တင်ဆောင်ခဲ့ပြီး မူလက နယူးယောက်မြို့ဆီ သွားဖို့ စာရင်းသွင်းထားတာပါ။
နိုဝင်ဘာ ၇ ရက်မှာ ရောက်ဖို့ ခန့်မှန်းထားတယ်လို့ Kpler က ပြောပါတယ်။ ဒါပေမဲ့ သင်္ဘောရဲ့ အလိုအလျောက် ခွဲခြားသိရှိနိုင်တဲ့ စနစ် (AIS) မှာ ဖော်ပြထားတဲ့ ဦးတည်ရာနေရာကို နောက်ပိုင်းမှာ ညွှန်ကြားချက် စောင့်ဆိုင်းနေတဲ့အဆင့်ကို ပြောင်းလဲခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်ကစပြီး သင်္ဘောက နေရာမှာတင် ရပ်တန့်နေသလောက် ဖြစ်နေပြီး သင်္ဘောရဲ့ ရေထဲနစ်မြုပ်နေတဲ့ အနက်ကလည်း ၁၁ မီတာအတိုင်း မပြောင်းမလဲရှိနေလို့ ကုန်ပစ္စည်းတွေ ချထားခြင်း မရှိသေးဘူးလို့ ယူဆရပါတယ်။
နောက်ထပ် လှုပ်ရှားမှုကလည်း မသေချာသေးပါဘူး။ သင်္ဘောက ညွှန်ကြားချက်တွေကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး ဦးတည်ရာနေရာ အပြောင်းအလဲ မရှိသေးဘူးလို့ မော်လ်တာနိုင်ငံ အလံတင်ထားတဲ့ ဒီသင်္ဘောကို စီမံခန့်ခွဲတဲ့ ဂရိနိုင်ငံအခြေစိုက် Eastmed ကုမ္ပဏီက ပြောပါတယ်။
ရုရှားဒီဇယ်ဆီတွေ တင်လာတယ်လို့ အခိုင်အမာ သုံးသပ်ထားတဲ့ သင်္ဘော ၂ စင်းထဲက တစင်းမှာ နောက်ပြန်လှည့်သွားခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် ရေကြောင်းဆိုင်ရာ သတင်းအချက်အလက် ကုမ္ပဏီ Windward ကပြောပါတယ်။
ပြည်တွင်းမှာ ဒီဇယ်ဆီ ပြတ်လပ်မှုတွေကို ဖြေလျှော့ဖို့နဲ့ လောင်စာဆီဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ လာမဲ့လတွေအတွင်း ရုရှားဒီဇယ်ဆီ ကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို လျှော့ချပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် အထွေထွေလိုင်စင် ၁၃၅ ကို ထုတ်ပြန်ထားပေမဲ့ ရုရှားဒီဇယ်ဆီတွေ အမေရိကန်ဆီ ရောက်လာမှာ မဟုတ်ဘူးလို့ Windward က သုံးသပ်ထားပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံက ဒီဇယ်ဆီ တင်လာတဲ့ ရေနံတင်သင်္ဘော ခဏရပ်သွားပေမဲ့ ဒီဇယ်ဆီတွေကို နောက်ဆုံးမှာ ကမ္ဘာ့ဈေးကွက်မှာ ရောင်းချနိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရက ယုံကြည်ထားတယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်စ်ရိုက်ထ်က ပြောပါတယ်။
ရုရှားနိုင်ငံက ဒီဇယ်ဆီတွေကို လက်ခံတာဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒဏ်ကြေးတွေ ပေးဆောင်ရမဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့လာရနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။
Source: Reuters











