
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော် အနီးဝန်းကျင်က ကျေးလက်ဒေသတခုမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတခု စက်တင်ဘာ ၃၀ ရက်က ပေါက်ကွဲခဲ့လို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ရုံ လည်ပတ်မှု ရပ်ဆိုင်းသွားပါတယ်။
ဒီဖြစ်ရပ်ကြောင့် မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လျှပ်စစ်မီးရဖို့ ဖိအားတွေ ထပ်ဖြစ်ခဲ့ပြီး ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထပ်ရိုက်ခတ်ခဲ့ပါတယ်။
ဒမတ်စကတ်မြို့တော်အရှေ့ဘက် ကျေးလက်ဒေသက တစ်ရှရီးန် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဆီ သဘာဝဓာတ်ငွေ့ ပို့လွှတ်ပေးနေတဲ့ ပိုက်လိုင်း ပေါက်ကွဲခဲ့ပြီးတဲ့နောက် ဒီယာအလီ၊ နာစီရီယာနဲ့ တစ်ရှရင်းန် စက်ရုံတွေ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့တယ်လို့ ဆီးရီးယား လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက ပြောပါတယ်။
ဓာတ်ငွေ့ပြန်ရပြီးတဲ့နောက် ဒီယာအလီနဲ့ နာစီရီယာ စက်ရုံတွေ ပြန်လည်ပတ်နိုင်ခဲ့ပေမဲ့ တစ်ရှရင်းန် စက်ရုံမှာတော့ စက်ပစ္စည်းတွေပါ ပျက်စီးကုန်လို့ ဆက်ပြီး ရပ်ထားရဆဲဖြစ်ပြီး စစ်ဆေးရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။
Source: Reuters










