
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံလို့ ကလေး ၅ ယောက်အပါအဝင် ၇ ယောက် သေဆုံးခဲ့ရပြီး နောက်ထပ် ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
ရေကြီးမှုဟာ အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ ရာက္ကာ၊ ဒဲရာဇောနဲ့ ဟာဆာကာတို့အပြင် အလက်ပို ပြည်နယ်တွေရဲ့ အစိတ်အပိုင်းတချို့ကိုပါ ထိခိုက်ခဲ့ပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးတာ၊ လမ်းတွေ ပြတ်တောက်တာနဲ့ ဒေသခံမိသားစုတွေ နေအိမ် စွန့်ခွာထွက်ပြေးရတာမျိုးတွေ ဖြစ်ခဲ့ ပါတယ်။
ဒဲရာဇောမှာ လမ်းတွေနဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့လို့ သွားလာရေးနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားကြောင်း နိုင်ငံပိုင် ဆာနာသတင်းဌာနက ဖော်ပြပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေပြွန် ၇ ခုလည်း ပြိုကျသွားခဲ့ပြီး နေရာအတော်များများကို သွားလာလို့ မရတော့ဘဲ လမ်းပိတ်သွားခဲ့ပါတယ်။
ဒီရေကြီးရေလျှံမှုအခြေအနေနဲ့ ပတ်သက်ပြီး ဆီးရီးယား အရေးပေါ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ဗီဒီယိုဖိုင်တခု ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဗီဒီယိုထဲမှာ ဒဲရာဇောပြည်နယ်ထဲက ရေကြီးပြီး ပျက်စီးနေတဲ့ လမ်းပေါ်မှာ ကားတွေ ခက်ခက်ခဲခဲ မောင်းနှင်နေကြရတာကို တွေ့ရပြီး လမ်းမပေါ်မှာလည်း ရေတွေ လှိုင်းလုံးလိုက် လျှံကျ နေတာပါ။
ရိုက်တာသတင်းဌာနက ဝေဟင်ကရိုက်ထားတဲ့ လမ်းနဲ့ မြေမျက်နှာသွင်ပြင် ပုံရိပ်တွေကို တက်ဒ်မား နဲ့ ဒဲရာဇောကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းရဲ့ မှတ်တမ်းဟောင်းတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ အောက်တိုဘာ ၂၉ ရက်မှာ အဲဒီနေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဝန်ကြီးရဲ့ ထုတ်ပြန်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဒီသတင်းမှန်ကန် ကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် တာဝန်ရှိသူတွေက ရာက္ကာ၊ ဟာဆာကာနဲ့ ဒဲရာဇောပြည်နယ်တို့မှာ ကြာသပတေးနေ့က စာသင်ကျောင်းတွေကို ယာယီပိတ်ထားခဲ့သလို မိုးလေဝသ ခန့်မှန်းသူတွေကလည်း ဒီလို ရာသီဥတု ဆိုးဝါးမှုဟာ စနေနေ့အထိ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
Source: Reuters











