
မက္ကဆီကိုနိုင်ငံ ဘာဟာကာလီဖိုးနီးယားပြည်နယ်မှာ မုန်တိုင်း ရာကဲလ်တိုက်ခတ်ပြီး ရေကြီးရေလျှံမှု ကြောင့် အောက်တိုဘာ ၁၂ ရက်က ရုပ်အလောင်း ၃ လောင်းကို အာဏာပိုင်တွေ ရှာဖွေတွေ့ရှိခဲ့ကာ နောက်ထပ် လူ ၅ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ်တယောက် ပါဝင်တယ်လို့ အန်ဆဲနားဒါးမြို့ ပြည်သူ့လုံခြုံရေး ဒါရိုက်တာ အိုမာ အလာဟန်ဒြို မွန်ရီယယ်က ပြောပါတယ်။
အဲဒီရုပ်အလောင်းတွေကို အဲလ် ပီပီလာ ရေချိုစီးကြောင်းတလျှောက် မတူညီတဲ့ နေရာတွေမှာ တွေ့ရှိခဲ့တာပါ။
ပထမဆုံး ရုပ်အလောင်းကို မာဂန်ညာတံတားမှာ တွေ့ရှိခဲ့ကာ ကျန်အမျိုးသမီးတယောက်နဲ့ ကလေးငယ် တယောက်ရဲ့ ရုပ်အလောင်းကိုတော့ ဝါဟာကာ အယ်ဟီးဒိုး ဘေးနားက နယ်မြေထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“အခုဖြစ်စဉ်မှာ မိသားစုနှစ်စု ပါဝင်နေတာပါ။ ပထမ မိသားစုထဲက အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးကလွဲလို့ ကျန်တဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီးပါပြီ။ မိသားစုဝင်တွေဆီ စုံစုံလင်လင် ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ အဲဒီကလေးငယ်ကို ရှာဖွေနေတာ ဖြစ်သလို ဒုတိယမြောက် မိသားစုထဲက ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်” လို့ မွန်ရီယယ်က ပြောကြားခဲ့ပါတယ်။
Source: Reuters











