
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေ ၅ နှစ်ကြာ ဖြစ်ပြီးနောက် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေဟာ လူသားချင်းစာအကူအညီတွေ လျော့နည်းသွားတာကြောင့် ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ဇွန် ၂၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းက စစ်အာဏာရှင်တပ်ထံသို့ လက်နက်နဲ့ ကျည်ဆန်တွေအပြင် ဂျက်လေယာဉ်ဆီနဲ့ စစ်ဘက်အရပ်ဘက် ၂ မျိုးသုံးပစ္စည်းတွေ ဆက်လက်လွှဲပြောင်းပေးပို့နေချိန်မှာ တဖက်မှာတော့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေ လျော့ကျလာတာလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ ပဋိပက္ခတွင်း သို့ သက်ဆင်းခဲ့ကြောင်း၊ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ငြင်းပယ်တာနဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲတွေရဲ့ သက်ရောက်မှုတွေကြား ဖြစ်ပွား ခဲ့တဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြ ထားပါတယ်။
ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေအရ ၂၀၂၅ ခုနှစ် ဩဂုတ်လ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့တဲ့ အချိန်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မဲပေးမှုကာလ ပြီးဆုံးတဲ့အထိ အချိန် ကာလအတွင်း အနည်းဆုံး အရပ်သား ၇၀၂ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ဒီအရေအတွက်အနက် သေဆုံးသူ ၄၇၆ ယောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး ၁၁၁ ယောက်ကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မဲပေးမှု မစတင်မီတွင် သေဆုံးခဲ့တာဖြစ်တယ်၊ သေဆုံးသူ အများစုမှာ အလယ်ပိုင်းဒေသနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေနဲ့ ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာလည်း ပိုမိုဆိုးရွားလာပြီး ဆေးဝါးထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ ကျန်းမာရေး အဆောက်အအုံတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ အခက်အခဲများ ဖြစ်ပေါ်စေတယ်လို့လည်း ပြောပါတယ်။
ဒါအပြင် လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဒဏ်မှ လွတ်မြောက်လာသူတွေ အတွက် ဘေးကင်းလုံခြုံရေးနေရာတွေ ပိတ်သိမ်းသွားတာ၊ အကန့်အသတ်နဲ့သာ လည်ပတ်နိုင် တော့တာတွေရှိပြီး အဆောင်တွေ၊ ပညာရေးနဲ့ အမျိုးသမီးအခြေပြု အစီအစဉ်တွေကို လျှော့ချ ခဲ့ရတယ်လို့လည်း သိရပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာလည်း စီမံကိန်းလုပ်ငန်းတွေ အကြီးအကျယ် ဖြတ်တောက်၊ ပိတ်သိမ်းရတာ၊ ဝန်ထမ်းတွေကို အလုပ်ထုတ်ရတာတွေရှိပြီး တိုင်းရင်းသား မီဒီယာတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေလည်း ပိုမိုထိခိုက်ခံနေရကာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေ (IDPs) အတွက် အကူအညီတွေ၊ ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု လုပ်ငန်းတွေကို လျှော့ချတာနဲ့ လုံးဝရပ်ဆိုင်းတာတွေ လုပ်ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က “မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ လက်ချက်ကြောင့် ဒုက္ခမျိုးစုံ ခံစားနေရတာ မလုံလောက်သေးသလိုပဲ၊ အခုဆိုရင် နိုင်ငံပြင်ပက လူတွေရဲ့ မေ့လျော့ခြင်းကိုလည်း ခံနေရပုံပေါ်ပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ ဆေးဝါးနဲ့ အခြေခံဝန်ဆောင်မှုတွေ အရေးပေါ်လိုအပ်နေတဲ့ အရပ်သားအားလုံးထံသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်နိုင်ခွင့်ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးဖို့ လည်း မဟာမင်းကြီးက ထပ်မံတောင်းဆိုလိုက်ပါတယ်။










