
ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခါဆွန်ဒေသ အစိတ်အပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အောက်တိုဘာ ၂၇ ရက် မော်စကို စံတော်ချိန် မနက် ၄ နာရီကစပြီး ရုရှားတပ်ဖွဲ့တွေဟာ ပစ်ခတ်မှုရပ်စဲပြီး "ငြိမ်သက်ရေး ကာလ" အဖြစ် သတ်မှတ်သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီအစီအစဉ်ကို ရုရှားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီးချုပ် ဗေလာရီ ဂေရာစီမော့ဗ်က Telegram စာမျက်နှာမှာ အသိပေးခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အောက်တိုဘာ ၂၉ ရက်မှာ စတင်အသက်ဝင်မဲ့ အိုလက်ရှ်ကီ ဒေသဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ကို ရရှိခဲ့ပြီလို့ သောကြာနေ့ အစောပိုင်းမှာ အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်ပ်က အိုလက်ရှ်ကီမြို့မှာ ပြုလုပ်မဲ့ ကူညီကယ်ဆယ်ရေးအစီအစဉ် ပေါ်ပေါက်လာဖို့ ပေါင်းစပ်ညှိနှိုင်းပေးတဲ့နေရာမှာ ပါဝင်ကူညီ ပေးခဲ့တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။
အိုလက်ရှ်ကီမြို့ဟာ ယူကရိန်း ထိန်းချုပ်ထားတဲ့ ခါဆွန်မြို့ရဲ့ တဖက်ကမ်း၊ နီပါမြစ်ရဲ့ ဘယ်ဘက်ကမ်းမှာ တည်ရှိတာပါ။
လက်ရှိမှာတော့ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အစားအသောက်နဲ့ အဓိက လိုအပ်တဲ့ ပစ္စည်းတွေ ပိုမိုပြတ်လပ်လာပြီး ဒေသခံတွေအနေနဲ့ ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
Source: Reuters











