DVB Logo
Home
Lead Story
ယူကေက မြန်မာအတွက် ထောက်ပံ့ကူညီရေးရန်ပုံငွေ ပေါင် ၁၁ သန်း လျှော့ချ
DVB
·
July 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ယူကေအစိုးရက မြန်မာနိုင်ငံအတွက် အခုဘဏ္ဍာရေးနှစ်မှာ ပေးအပ်မဲ့ကူညီ ထောက်ပံ့ရေးရန်ပုံငွေကို ပေါင် ၆၆ သန်းကနေ ပေါင် ၅၅ သန်းအထိ လျှော့ချလိုက်တဲ့အပေါ် Burma Campaign UK အဖွဲ့က  ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချကြောင်း ဇူလိုင် ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေ အဆမတန် မြင့်တက်နေတဲ့ကြားကပဲ ခုလိုဖြတ်တောက်ခံ ရတာဖြစ်ပြီး ဒီလို ရန်ပုံငွေဖြတ်တောက်မှုကို အနည်းဆုံး လာမဲ့ ၂၀၂၉ ခုနှစ် အထိ ဆက်လက်လုပ်ဆောင်သွားမှာလို့ သိရပါတယ်။

ဒီအခြေအနေအပေါ် UK နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) က သူတို့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ထည့်သွင်းထုတ်ပြန်လိုက်တာဖြစ်ပြီး ဒါကို မီဒီယာတွေဆီ ထုတ်ပြန်ကြေညာခြင်း မရှိသလို၊ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တင်ပြခြင်းမရှိဘဲ  ပါလီမန်လွှတ်တော် နွေရာသီရပ်နားခါနီး အချိန်နဲ့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲရှုံးနိမ့်မှု သတင်းတွေ အရှိန်ပြင်းနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး တိတ်တဆိတ် ထုတ်ပြန်ခဲ့တာလို့ Burma Campaign UK အဖွဲ့က ပြောပါတယ်။ 

စာမျက်နှာ ၂၆၄ မျက်နှာပါတဲ့ အဆိုပါ အစီရင်ခံစာရဲ့ နောက်ဆက်တွဲ စာမျက်နှာ ၂၃၃ မှာ လာမဲ့နှစ်တွေအတွင်း ဗြိတိန်ရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အကြီးအကျယ် ဖြတ်တောက်မဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားတာပါ။

အစီရင်ခံစာပါ မြန်မာနိုင်ငံဆိုင်ရာ ကိန်းဂဏန်း အချက်အလက် တွေအရ မြန်မာပြည်သူတွေအနေနဲ့ ထောက်ပံ့ကြေး ပေါင် ၅၅ ဒသမ ၃ သန်းသာ ရရှိတော့မှာဖြစ်ပြီး ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက ဗြိတိန်အစိုးရ ပေးအပ်ခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်လောက်သာရှိတော့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ပြသခဲ့တဲ့ ပေါင် ၉၂ ဒသမ ၈ သန်းဆိုတဲ့ ပမာဏကတော့ အခြေခံသတ်မှတ်ချက် ပေါင် ၆၆ သန်းအပြင် ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဘေးဒဏ်အတွက် သီးသန့်ထပ်တိုးပေးခဲ့တဲ့ ပေါင် ၂၅ သန်း အပါအဝင် ပြသထားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကူညီထောက်ပံ့မှု ၇၃ ရာခိုင်နှုန်းအထိ အစောပိုင်းက ဖြတ်တောက်ခံခဲ့ရပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာမှ အကူအညီတွေ ပြန်လည်တိုးမြှင့်ပေးလာခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အခုအခါမှာတော့ အကူအညီတွေကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖြတ် တောက်လိုက်တာလို့ Burma Campaign UK အဖွဲ့က ပြောပါတယ်။

ဒီလို UK စိုးရရဲ့ အကူအညီ ဖြတ်တောက်မှုဟာ ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင် ကျောင်းတွေနဲ့ ဆေးခန်းတွေကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်ပြီး လူ သားချင်းစာနာမှုဆိုင်ရာ ကြီးမားတဲ့ အကျပ်အတည်းကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတဲ့ မြန်မာစစ်အာဏာရှင်အတွက်တော့ ဝမ်းသာစရာ ဖြစ်လာစေတယ်လို့ လည်း ပြောပါတယ်။ 

Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာ ရောဘတ်စ်က "မြန်မာနိုင်ငံကို ပေးနေတဲ့ ဗြိတိန်ရဲ့ အကူအညီတွေက လူ့အသက်တွေကို ကယ်တင်နေတာပါ။ ဒါကြောင့် အခုလို အကူအညီ ဖြတ်တောက်လိုက်တာဟာ လူတွေကို သေစေဖို့ တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ ဝန်ကြီးချုပ် ကီယာစတာမာနဲ့ ပြည်ထဲရေး ဝန်ကြီး အီဗတ်ထ်ကူးပါးတို့ဟာ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပြီး မြန်မာစစ်ကောင်စီကို တဖက်တလမ်းကနေ ကူညီလိုက်တာပဲ ဖြစ်ပါတယ်" လို့ ဝေဖန်ရှုတ်ချပြောပါတယ်။

တရားဝင် ခန့်မှန်းချက်တွေအရ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ ဒသမ ၆ သန်းကျော် ရှိနေပြီး ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အဆိုအရတော့ ဒီထက်မကပိုများနိုင်ကာ ရွှေ့ပြောင်းရသူ ၅ သန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နာတာရှည် ဆင်းရဲမွဲတေမှု ဒဏ်ကို ရင်ဆိုင်နေကြရတာပါ။

အန်နာ ရောဘတ်စ်က "ဗြိတိန်အစိုးရဟာ မြန်မာစစ်ကောင်စီဆီကို စီးဆင်းနေတဲ့ လက်နက်တွေနဲ့ ငွေကြေးတွေကို ဖြတ်တောက်ရမဲ့အစား မြန်မာပြည်သူတွေဆီ သွားနေတဲ့ အကူအညီတွေကို ဖြတ်တောက်လိုက်တာဟာ မြန်မာပြည်သူတွေအပေါ် တာဝန်ပျက်ကွက်ရာ ရောက်ပါတယ်" လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရဟာ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးကာလပတ်လုံး မြန်မာစစ်အာဏာရှင်အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ တခုမှ ထပ်မံချမှတ်နိုင်ခြင်း မရှိတဲ့အပြင် အခုလို အ ကူအညီတွေကိုပါ ထပ်မံဖြတ်တောက်လိုက်တာလို့ Burma Campaign UK အဖွဲ့က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013