စစ်အာဏာရှင်တပ်အရာရှိ ၅ ဦးကို ယူကေက ဒဏ်ခတ်ပိတ်ဆို့

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ သမိုင်းဝင် စီရင်ချက်အပြီးမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကို အသိအမှတ်ပြုကြောင်း ဗြိတိန်နိုင်ငံခြားရေး၊ ဝန်ကြီးဌာန (FCDO) က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒါ့အပြင် စစ်အရာရှိကြီး ၅ ယောက်ကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာ လက်ရှိ ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စိုး၊ မြောက်ဦး ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်စွာဦး၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ အနောက်မြောက်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်တို့ ပါဝင်ပြီး သူတို့ကို ပိုင်ဆိုင်မှု ထိန်းချုပ်တာနဲ့ ပြည်ဝင်ခွင့် ပိတ်ပင်တာတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တားဆီးဖို့ မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်ပို့ရောင်းချမှုတွေကို ပိတ်ပင်မယ့် ဥပဒေပြဋ္ဌာန်းဖို့ ဗြိတိန်အစိုးရက စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ ၃ သိန်းခွဲလောက်အတွက် စတာလင်ပေါင် ၅ သန်းနဲ့ မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ တရားမျှတမှု ရရှိရေးအတွက် ပေါင် ၃ သန်း၊ စုစုပေါင်း ပေါင် ၈ သန်း ထပ်မံထောက်ပံ့သွားမယ်လို့ ထုတ်ပြန် ထားပါတယ်။
Source:gov.uk











