အီးယူနှင့် ယူကေထိပ်သီးအစည်းအဝေး၌ သဘောတူညီချက် ၇၂ ချက် ရရှိ

ဥရောပသမဂ္ဂ (အီးယူ)နဲ့ ယူကေတို့ဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့မြို့တော် ဘရပ်ဆဲလ်မြို့မှာ နိုဝင်ဘာ ၂၀ ရက်က ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို စတင်ကျင်းပခဲ့ပြီး ကုန်သွယ်ရေး၊ စွမ်းအင်၊ လူငယ်ဖလှယ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ သဘောတူညီချက်ပေါင်း ၇၂ ချက် ရခဲ့တယ်လို့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
ယူကေက အီးယူကနေ ထွက်ခွာအပြီး နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးဖို့ ယူကေဝန်ကြီးချုပ် အန်ဒီ ဘာဟမ်၊ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကို့စ်တာနဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။
ဥရောပလုံခြုံရေးနဲ့ စီးပွားရေးသာယာဝပြောမှုကို အတူတကွ ကာကွယ်စောင့်ရှောက်သွားမယ်လို့ နှစ်ဖက်စလုံးက ကတိပြုခဲ့ကြပါတယ်။
ကြေညာချက်အရ တိရစ္ဆာန်တွေ၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေ၊ အပင်တွေနဲ့ အပင်ထွက် ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ လက်ရှိလိုအပ်နေတဲ့ လက်မှတ်တွေနဲ့ စစ်ဆေးထိန်းချုပ်မှု အများစုကို ကင်းလွတ်ခွင့်ပြုဖို့ ယူကေနဲ့ အီးယူတို့ သဘောတူခဲ့ကြပြီး၊ ဒီအစီအမံဟာ ၂၀၂၈ ခုနှစ်၊ မတ် ၁ ရက်ကစပြီး အသက်ဝင်ဖို့ မျှော်လင့်ထားပါတယ်။
စွမ်းအင်ကဏ္ဍမှာ အီးယူရဲ့ ပြည်တွင်းလျှပ်စစ်ဈေးကွက်မှာ ယူကေ ပါဝင်နိုင်ရေးအတွက် ဆက်ပြီး ဆွေးနွေးသွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အပြီးသတ်ဖို့ ရည်မှန်းထားပါတယ်။
ဒါ့အပြင် ကာဗွန်ထုတ်လွှတ်မှု ကုန်သွယ်ရေးစနစ်တွေကို ချိတ်ဆက်ခြင်းဆိုင်ရာ ဆွေးနွေးမှုတွေ ပြီးပြီလို့ ကြေညာခဲ့ပြီး၊ ဒီစနစ်ကို ၂၀၂၈ ခုနှစ်မှာ စပြီးသုံးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
လူငယ်နဲ့ ပညာရေးကဏ္ဍမှာ ၂၀၂၇ ခုနှစ်မှာ အီးယူရဲ့ Erasmus+ အစီအစဉ်မှာ ယူကေ ပါလာမယ်လို့ ဖော်ပြထားပြီး၊ ၂၀၂၈ ခုနှစ်ကစပြီး လူငယ် ၁ သိန်း စီ အပြန်အလှန် လဲလှယ်နေထိုင်ခြင်း၊ ပညာသင်ကြားခြင်းနဲ့ အလုပ်လုပ်ကိုင်ခြင်းတွေအတွက် စီစဉ်ထားတယ်လို့ ကြေညာပါတယ်။
ကျောင်းလခနဲ့ ပတ်သက်တဲ့ ဖြည့်စွက်သဘောတူညီချက်တခုကို ၆ လအတွင်း အပြီးသတ် ချုပ်ဆိုသွားမှာပါ။
ဝန်ကြီးချုပ် ဘာဟမ်က ဒီသဘောတူညီချက်တွေဟာ ယူကေနဲ့ ဥရောပ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမဲ့ ရလဒ်တွေလို့ ပြောပါတယ်။ ၂၀၄၀ ပြည့်နှစ်အရောက်မှာ ယူကေရဲ့ ဂျီဒီပီ (GDP) ကို ၀ဒသမ ၅ ရာခိုင်နှုန်း တိုးလာစေမှာ ဖြစ်ပြီး ယူကေစီးပွားရေးအတွက် တနှစ်ကို ပေါင် ၁၇ ဘီလီယံလောက် ပိုတိုးလာစေလိမ့်မယ်လို့လည်း ပြောပါတယ်။
Source: Reuters











