
ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းရှိ သတင်းသမားတွေနဲ့အတူ ရပ်တည်ကြောင်း နိုဝင်ဘာ ၂ ရက် ဒီကနေ့ ကျရောက်တဲ့ သတင်းထောက်များအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး နိုင်ငံတကာနေ့မှာ ကြေညာလိုက်ပါတယ်။
မီဒီယာလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ (Media Freedom Coalition) နဲ့အတူ မိမိတို့ရဲ့ စုပေါင်းအသံကို မြှင့်တင်ကာ မီဒီယာလွတ်လပ်ခွင့်၊ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ သူတို့ကို ပစ်မှတ်ထား တိုက်ခိုက်သူတွေ တာဝန်ခံမှုရှိစေရေးတို့အပေါ် ထားရှိတဲ့ ယူကေရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုတယ်လို့လည်း ဆိုပါတယ်။
၂၀၀၆ ခုနှစ်ကစပြီး ကမ္ဘာတဝန်း သတင်းသမား ၁,၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဒီအမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ယနေ့အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၂၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အနည်းဆုံး ၁၉ ယောက်မှာ ယနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကာ သတင်းသမားနဲ့ မီဒီယာလုပ်သား ၇ ယောက် သတ်ဖြတ်ခံခဲ့ရသလို လွတ်လပ်တဲ့ သတင်းမီဒီယာ အများအပြားဟာ လိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပါတယ်။
ပြစ်မှုကျူးလွန်သူတွေ အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေတာဟာ နစ်နာသူတွေနဲ့ သူတို့ မိသားစုဝင်တွေအတွက် တရားမျှတမှု မရှိရုံသာမက နောက်ထပ်တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ အားပေးရာရောက်ပြီး လွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရရှိပိုင်ခွင့်ကိုလည်း ခြိမ်းခြောက်နေတယ်လို့ ယူကေ မြန်မာရုံးက ထုတ်ပြန်ပါတယ်။











