
ကော့စတာရီကာနိုင်ငံ၊ မြို့တော် ဆန်ဟိုဆေးအနီး ဆန်တိုဒိုမင်ဂို ဒီဟီရီးဒီယာမှာ သတင်းထောက် ကာမီလို ရိုဒရီဂွက်ဇ် အသတ်ခံထားရလို့ ရဲတပ်ဖွဲ့ ပိတ်ဆို့ကြိုးတားထားတဲ့ နေရာမှာ နိုဝင်ဘာ ၁၆ ရက်ကတည်းက မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တရားလိုရှေ့နေတွေဟာ စစ်ဆေးနေပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေလို့ သံသယရှိသူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ် စွပ်စွဲချက်တွေကို ဖော်ပြရေးသားပြီး လူသိများလာခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် သတင်းထောက် ကာမီလိုရိုဒရီဂွက်ဇ်ဟာ မြို့တော်အနီးက အဓိကလမ်းမကြီးတခုပေါ်မှာ ယာဉ်ကြော အလွန်ကျပ်တည်းနေချိန် ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာလို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
သမ္မတ လော်ရာ ဖာနန်ဒက်ဇ်ဟာ ဗီဒီယိုသတင်းစကားကနေတဆင့် အခုလို လုပ်ကြံသတ်ဖြတ်မှုကို ပြစ်တင် ရှုတ်ချခဲ့ပြီး၊ သူ့ရဲ့ ရေးသားဖော်ပြချက်တွေမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်သည်ဖြစ်စေ အခုဖြစ်ရပ်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အမည်းစက်တခု ဖြစ်စေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကာမီလိုကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားတွေကို အမိဖမ်းရမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝ ကူညီထောက်ပံ့ပေးကြဖို့ ရဲတပ်ဖွဲ့အားလုံးကို ညွှန်ကြားထားကြောင်းနဲ့ ဒီလိုခက်ခဲတဲ့အချိန်မှာ မိသားစုအတွက် စာနာဝမ်းနည်းရပါကြောင်း သမ္မတက ပြောပါတယ်။
ရိုဒရီဂွက်ဇ် သေဆုံးမှုဟာ ကော့စတာရီကာနိုင်ငံမှာ ၂၅ နှစ်တာကာလအတွင်း သတင်းထောက်တယောက် လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ပထမဆုံးအကြိမ် ဖြစ်ရပ်ဖြစ်ပါတယ်။
ကော့စတာရီကာနိုင်ငံဟာ အလယ်အမေရိကဒေသမှာ အငြိမ်းချမ်းဆုံးနဲ့ တည်ငြိမ်မှုအရှိဆုံး ဒီမိုကရေစီနိုင်ငံတွေထဲက တနိုင်ငံအဖြစ် ကာလကြာရှည် သတ်မှတ်ခံထားရပေမဲ့ လက်ရှိမှာတော့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ မူးယစ်အကြမ်းဖက်မှုတွေ မြင့်တက်လာခြင်းကို ရင်ဆိုင်နေရချိန်မှာ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











