ငရုတ်ကောင်းတွင် တပ်အရာရှိအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး ၁ ဦး သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာရှိ ယာယီစခန်းမှာ တာဝန်ကျနေတဲ့ စစ်အာဏာရှင်တပ်က အရာရှိအချင်းချင်း သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတယောက် သေဆုံးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်က သဲဖြူကျေးရွာ ယာယီစခန်းမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးသန်းထိုက်အောင်ဟာ လက်အောက်ငယ်သား ဗိုလ်လေးမျိုးသက်နဲ့အတူ ဆိုင်ကယ်စီးပြီး သစ်ရောင်းကျေးရွာဘက်ကို သွားရောက်ခဲ့စဉ် လမ်းခုလတ်ရှိ တံတားတခုအနီးမှာ အချင်းချင်း စကားများရန်ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။
တပ်တွင်းသတင်းရင်းမြစ်တယောက်က “နှစ်ယောက်အချင်းချင်း စကားများပြီး ရန်ဖြစ်ကြတာလို့ သိရတယ်။ အဲဒီနောက် ဗိုလ်လေးမျိုးသက်ဘက်က သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ဗိုလ်ကြီးသန်းထိုက်အောင် သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးသန်းထိုက်အောင်ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “ယာယီစခန်းမှာ တာဝန်ကျနေတဲ့သူအချင်းချင်း ဖြစ်တာပါ။ ဖြစ်စဉ်ကို ပုသိမ်က အရာရှိတွေ စစ်ဆေးနေတယ်လို့ သိရတယ်။ ခိုက်ရန်ဖြစ်ပွားတာကို မပျံ့နှံ့စေဘဲ ဖုံးဖိထားဖို့ အမိန့်ပေးထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ဗိုလ်ကြီးသန်းထိုက်အောင်ဟာ ကန်ကြီးထောင့်မြို့နယ်မှာ အခြေစိုက်တဲ့ အမှတ် ၅၀၅ အမြောက်တပ်ရင်းကနေ သဲဖြူကျေးရွာ ယာယီစခန်းကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခင်တာဝန်ကျခဲ့တဲ့ ဗိုလ်ကြီးစိုးမင်းတင်ရဲ့ နေရာမှာ အစားထိုးတာဝန်ယူထားသူလို့ ဆိုပါတယ်။
လတ်တလောအနေနဲ့ ဧရာဝတီတိုင်းအတွင်းက ယာယီစခန်းတွေနဲ့ ရှေ့တန်းစခန်းတွေမှာ စစ်အာဏာရှင်တပ်က တပ်သားတွေ ထွက်ပြေးတာ၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်သတ်ဖြတ်တာနဲ့ အလုပ်ကြမ်းနဲ့ ငတ်မွတ်မှုဒဏ်ကြောင့် သေဆုံးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
အဆိုပါအခြေအနေဟာ တပ်တွင်းအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေအကြား အချင်းချင်းယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှု အားနည်းလာတဲ့အခြေအနေကို ပြသနေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကလည်း သာပေါင်းမြို့နယ်ရှိ ရှေ့တန်းစခန်းတခုမှာ စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းဆင်း တပ်သားတယောက် အလုပ်ကြမ်းဒဏ်ကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
Photo : KL











