
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်အာဏာရှင်လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူးတယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စလင်းမြို့နယ် တောင်စင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး ဦးဖိုးဝင်းဟာ သြဂုတ် ၁၆ ရက် နေ့လယ်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်သတ်မှုကြောင့် သေဆုံးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ရာအိမ်မှူးက နေအိမ်မှာ ပစ်သတ်ခံရတာ။ ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်သတ်သွားတာ။ သေနတ်ဒဏ်ရာတွေ မနည်းနဲ့ သေဆုံးသွားတာ။ အလောင်းကို ရဲတွေ လာစစ်ဆေးတာ တွေ့ရတယ်။ ဘယ်အဖွဲ့က ပစ်သတ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။
ကျေးရွာ ရာအိမ်မှူး ဦးဖိုးဝင်းဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် မျက်နှာ၊ လက်မောင်း၊ ရင်ညွန့် စတဲ့နေရာတွေမှာ ဒဏ်ရာတွေရရှိကာ သေဆုံးခဲ့ပြီး စစ်အာဏာရှင်လက်အောက်ခံ အဖွဲ့တွေက အကြမ်းဖက် PDF တွေက ပစ်သတ်သွားတာလို့ စွပ်စွဲရေးသား ဖြန့်ဝေနေပါတယ်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဖိုးဝင်း သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဘက်က သြဂုတ် ၁၈ ရက်အထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
စလင်းမြို့အတွင်း စစ်ဆေးနေပုံ (Photo: သူရ)











