
အာဏာသိမ်းစစ်တပ်ရဲ့ တပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တာဝန်ယူပြီးနောက် ၅ လတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁,၅၈၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာမှာ မကွေးတိုင်းကို အများဆုံး ပစ်မှတ်ထားခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ် မတ်လကုန်ကနေ ဩဂုတ်လကုန်အထိ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၃၂၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော် ရှိတာပါ။
ဒါ့အပြင် ချင်းပြည်နယ်မှာ ၃၀၁ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၄၂ ကြိမ်နဲ့ ရခိုင်ပြည်နယ်မှာ ၂၂၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမို အရှိန်မြှင့်လာတာကြောင့် အဆိုပါဒေသရှိ အရပ်သားတွေ ထိခိုက်မှုအန္တရာယ် ပိုမိုမြင့်မားနေတယ်လို့ ဆိုပါတယ်။











