
ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ရိုဟင်ဂျာ ၉ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်တယ်လို့နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၃၁ ရက် မနေ့ညနေပိုင်းက ငရုတ်ကောင်းမြို့၊ ငရုတ်ကောင်း-ဂွချောင်းတံတားအနီးမှာ ဧရာဝတီတိုင်းထဲကိုဝင်ရောက်လာတဲ့ ရိုဟင်ဂျာမိန်းကလေးငယ် ၄ ယောက် အပါအဝင် ရိုဟင်ဂျာ ၉ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့နီးစပ်သူတယောက်က “ကမ်းခြေပတ်လမ်းပေါ်မှာ အဖမ်းခံရတာ။ စက်လှေနဲ့ လာတာလို့ သိရတယ်။ စစ်တပ်ကဖမ်းခဲ့တာ။ ဘယ်မှာထားလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၉ ယောက်မှာ အသက် ၄၀ ကျော် အရွယ် အမျိုးသား ၂ ယောက်၊ အသက် ၃၀ ကျော်အရွယ် ၃ ယောက်နဲ့ အသက် ၂၀ ကျော်နဲ့ ၃၀ ဝန်းကျင် အမျိုးသမီး ၄ ယောက် ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေဘက်က ထွက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃၁ ရက်ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သေးတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။










