
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားပြီး နိုင်ငံ ၁၁ နိုင်ငံက ကြားဝင်ပါဝင်ထားတဲ့အမှုနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့မနက် ၁၀ နာရီမှာ အမိန့်စီရင်ချက်ကို ချမှတ်သွားမယ်လို့ နိုဝင်ဘာ ၃ ရက်မှာ ကြေညာပါတယ်။
ဒီအမှုကိစ္စအများပြည်သူရှေ့မှောက် ကြားနာပွဲကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ငြိမ်းချမ်းရေး နန်းတော်မှာ နိုဝင်ဘာ ၁၉ ရက်မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး၊ အဲဒီကြားနာပွဲမှာ တရားရုံးဥက္ကဋ္ဌ တရားသူကြီး အိဝါဆာဝါ ယူဂျိက တရားရုံးရဲ့ အမိန့်ဒီကရီကို ဖတ်ကြားမှာ ဖြစ်ပါတယ်။
ဖတ်ကြားပွဲကို တရားရုံးရဲ့ တရားဝင်ဘာသာစကား ၂ ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာတို့နဲ့ တရားရုံးရဲ့ ဝက်ဘ်ဆိုက်၊ ICJ အတွက် သီးသန့်ထားရှိတဲ့ ကုလသမဂ္ဂဂျာနယ် အပိုင်းနဲ့ UN Web TV တို့မှာ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လူမျိုးသုဉ်းစေမှုကို တားဆီးဖို့နဲ့ ပြစ်ဒဏ်ပေးဖို့ ဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အရေးယူဆောင်ရွက်ဖို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ စတင်တရားစွဲခဲ့တာပါ။
တရားစွဲဆိုတဲ့လျှောက်လွှာမှာ မြန်မာနိုင်ငံအနေနဲ့ လူမျိုးသုဉ်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်က တာဝန်တွေကို ဖောက်ဖျက်ခဲ့ကြောင်း၊ ဆက်လက်ဖြစ်ပွားနေတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ရမှာဖြစ်ကြောင်း၊ ရိုဟင်ဂျာအုပ်စုဝင် လူမျိုးသုဉ်းစေမှု လုပ်ရပ်တွေရဲ့ ဘေးသင့်သူတွေအတွက် နစ်နာကြေး ပေးလျော်ရမှာဖြစ်ကြောင်းနဲ့ ကွန်ဗင်းရှင်း ဖောက်ဖျက်မှုတွေကို ထပ်မပြုလုပ်ပါဘူးဆိုတဲ့ အာမခံချက်တွေပေးရမှာဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်အတည်ပြုပေးဖို့ ဂမ်ဘီယာနိုင်ငံဟာ တောင်းဆိုထားပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာတော့ ICJ တရားရုံးဟာ မြန်မာနိုင်ငံထံ ဦးတည်တဲ့ တချို့သော ယာယီအရေးယူဆောင်ရွက်ချက်တွေကို ညွှန်းဆိုတဲ့ အမိန့်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံက အမှုတင်သွင်းပြီးနောက် မြန်မာနိုင်ငံက တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာနဲ့ လျှောက်လွှာကို လက်ခံစစ်ဆေးနိုင်မှုတို့အပေါ် ကန့်ကွက်လွှာတွေ တင်သွင်းခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှာတော့ တရားရုံးဟာ ဂမ်ဘီယာရဲ့ လျှောက်လွှာကို စိစစ်ကြားနာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီနောက် မြန်မာနိုင်ငံက တုံ့ပြန်ခြေပလွှာတင်သွင်းခဲ့ပြီး၊ အဲဒီနောက်မှာ ဂမ်ဘီယာနဲ့ မြန်မာတို့က အသီးသီး ပြန်လည်ချေပလွှာနဲ့ ဒုတိယအကြိမ် ပြန်လည်ချေပလွှာတို့ကို တင်သွင်းခဲ့ကြပါတယ်။
ဒီအမှုရဲ့ အနှစ်သာရဆိုင်ရာ အများပြည်သူဆိုင်ရာ ကြားနာပွဲတွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး အမှုသည်တွေက ခေါ်ယူတဲ့ သက်သေတွေနဲ့ ကျွမ်းကျင်သူတယောက်ကို စစ်ဆေးခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဗြိတိန်၊ မော်လဒိုက်၊ စလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန်တို့ကလည်း ကြားဝင်ပါဝင်ထားကြပါတယ်။











