
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ရေလုပ်သား ၃ ယောက်ကို PDF လို့ စွပ်စွဲပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးထားတယ် လို့ဒေသခံတွေဆီက သိရပါတယ်။
ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာက ဒေသခံရေလုပ်သား ၃ ယောက်ကို မနေ့သြဂုတ် ၂၈ ရက် ညနေ ၆ နာရီလောက်မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၉ ယောက်လောက်က တင်းချောင်းကျေးရွာကို လာရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “ငါးဖမ်းစက်လှေ ရေဝင်လို့ ကမ်းကပ်နားနေချိန် စစ်တပ်က ဖမ်းခဲ့တာ။ PDF တွေလို့ဆိုပြီး စစ်တပ်က ဖမ်းသွားတာ။ အဖမ်းခံရတဲ့သူတွေက ရေလုပ်သားတွေပါ” လို့ပြောပါတယ်။
ရေလုပ်သားတွေဖြစ်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးလှထွေး၊ အသက် ၂၀ ကျော်အရွယ် ကိုဖိုးဇော် နဲ့ ကိုဝင်းကိုတို့ကို PDF လို့ စွပ်စွဲဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ငပုတောမြို့နယ်က စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ရေလုပ်သား ၃ ယောက် အဖမ်းခံရတာ ဟုတ်ပါတယ်။ စစ်ဆေးဖို့ဆိုပြီး ဖမ်းတာလို့သိရတယ်။ ပြန်မလွတ်လာသေးပါဘူး” လို့ ပြောပါတယ်။
ဖမ်းခံရသူ ၃ ယောက်ကို စစ်အာဏာရှင်တပ်သားတွေက ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီတပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ပထမအပတ်ကလည်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ထဲက အရပ်သား တယောက်ကို PDF လို့စွပ်စွဲဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်မှုထမ်းထဲ ထည့်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲက ငရုတ်ကောင်းမြို့အပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့မြို့နယ်တွေမှာ ဒေသခံတွေကို AA တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ PDF တွေလို့ စစ်အာဏာရှင်တပ်က စွပ်စွဲပြီး ဖမ်းဆီးလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











