DVB Logo
Home
မြန်မာသတင်း
ဖလူးနှင့် မင်းလက်ပံ ကျေးရွာအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်လက်နက်ကြီးကြောင့် ရွာသား ၂ ဦး ဒဏ်ရာရ
April 22, 2026
ဧပြီ ၁၈ ရက်မှာ မင်းလက်ပံရွာကို စစ်တပ်က မီးလောင်ဗုံးကြဲချခဲ့စဉ်၊ (Photo: TPPA)
ဧပြီ ၁၈ ရက်မှာ မင်းလက်ပံရွာကို စစ်တပ်က မီးလောင်ဗုံးကြဲချခဲ့စဉ်၊ (Photo: TPPA)
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိနေပါတယ်။ 

စစ်တပ်က ကျေးရွာတွေအတွင်းကို နေ့တိုင်း မီးလောင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်နေတာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်တပ်က သာလွန် အင်အားနဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ နေ့တိုင်း ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိနေပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ဖလူးကတော့ နေ့တိုင်း ပိုဆိုးလာတယ်။ သူတို့(စစ်တပ်)က မီးလောင်ဗုံးတွေ ကြဲနေတယ်၊ ရွာကို မီးရှို့နေတယ်။ ဖလူးကြီးကော ဖလူးလေးကော လာတော့မယ်။ မင်းလက်ပံက(မီးလောင်လို့) တော်တော်လေးကုန်နေပြီ။ နောက်ပြီး အင်အားအများကြီး တက်လာ တယ်။ နောက် ဒရုန်းတွေ အဆက်မပြတ်ချတယ်။ မြေပြင်ကတော့ ဘက်စုံပဲ။ ပွဲကတော့ နေ့တိုင်းပဲ တရက်မှ မနားဘူး။ သူတို့လည်း လန်ကျသွားတယ်။ ကိုယ်တွေဘက်ခြမ်းကလည်း ထိခိုက်မှုတော့ ရှိတာပေါ့။ ကိုယ်တွေဘက်ခြမ်းက လုပ်နေတော့ တော်ရုံတန်ရုံလူဆို ဘယ်လွယ်မလဲ။ ဗိုလ်တာဘော ကယ်နေလို့။ တော်ရုံတန်ရုံတပ်မှူးလောက်ဆို ပါသွားတာကြာပြီ။ လေကြောင်းက ဖိုက်တာလည်း လာတယ်၊ Y21 လည်း လာတယ်။ သူတို့ အဓိကသုံးတာ ဒရုန်းအဓိကသုံးတယ်” လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော် ဟာ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းကနေ စစ်တပ်က မင်းလက်ပံကျေးရွာ၊ အုန်းတောရွာထိပ်ပိုင်း ကို နေ့တိုင်းလိုလို ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

စစ်ရှောင်တယောက်က “မီးလောင်ဗုံးတွေက ရွာထိပ်မှာ ကျနေတာ ၂ ရက် ဆက်တိုက်ရှိပြီ။ ရွာထိပ်မှာက (တော်လှန်ရေးဘက်) က ပိတ်ထားတယ်လေ။ အဲဒီဘက်မှာပဲ ကျနေတယ်။ အဲဒီဘက်ကျတော့ ညီမတို့လည်း မသွားရဲဘူး။ ရွာထိပ်မှာတော့ မနေ့ကကော ဒီမနက်ကကော ကျတာတွေရှိတယ်။ မီးတွေ ဘာတွေ လောင်တာလည်း တွေ့တယ်။ မီးလောင်တာ အိမ်အားလုံးပေါင်းဆိုရင် အုန်းတောပိုင်းကိုပဲ အလုံး ၃၀ ကျော်နေပြီ။  ရွာထိပ်ဆိုတာ အုန်းတောပိုင်း ဘုရားကုန်းပိုင်း အဲဒီဘက်တွေ ဒီဘက်က ပိတ်ထားတာကော ဟိုဘက် စကမတွေရှိတော့ သွားလို့မရဘူး။ တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ။ ညဘက် ညဘက်ဆိုရင် တအားပဲ ပစ်တယ်။ မသိရင် တိုးပဲဝင်လာတော့မလိုလို ကိုယ်တွေပဲ ပြေးရတော့မလိုလို အဲလိုပဲ တချိန်လုံးပစ်နေတယ်။ ဒီအနီးအနားတဝိုက်မှာ လက်နက်ကြီးတွေက တအားကျတယ်” လို့ ပြောပါတယ်။

မြဝတီတောင်ဘက် ဝေါ်လေမြိုင်ရွာကို ဧပြီ ၂၂ ရက် မနက် ၇ နာရီကျော်မှာ စစ်အာဏာရှင်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဝေါ်လေမြိုင် တောင်ဘက်အနီး စစ်တပ်ရဲ့ ထီးသဲလယ်စခန်းက ၆၀ မမ ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝေါ်လေမြိုင် ရပ်ကွက် ၄ နဲ့ ၆ မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက် ၆ ရွာဦးဘုန်းတော်ကြီးကျောင်း အရှေ့မှာ အသက် ၈ နှစ်အရွယ် ကလေးတယောက်နဲ့ လူကြီးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဝေါ်လေမြိုင်အနီး ထီးသဲလယ် စစ်အာဏာရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က တိုက်လေယာဥ် အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းကလည်း ဖာပွန်ခရိုင် သော်လယ်ထအနီး သံလွင်မြစ်ကမ်းစပ်မှာ တည်ဆောက်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆေးရုံကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးသီး ၉ လုံး လာရောက်ကြဲချခဲ့တယ်လို့ KNU နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန် ဆေးရုံအတွင်း ဆရာဝန်၊ သူနာပြု၊ လူနာတွေနဲ့ ရွာသားတွေ ကြိုတင်တိမ်းရှောင်နိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာ မရှိခဲ့ကြောင်း၊ ဒါပေမဲ့ ထိုင်းနိုင်ငံဘက်ခြမ်း ကိုတော့ ဗုံးသီးတလုံး ကျရောက်ပေါက်ကွဲတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်မှာလည်း မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာ အုန်းတောရွာထိပ်ပိုင်းကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်တပ်က သာလွန်အင်အားနဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာအနီးမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေပြီး ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလက စတင်ပြီး စစ်တပ်က ဝေါလေလမ်းပိုင်းနဲ့ ဆုံးရှုံးထားတဲ့ တပ်စခန်း တွေကို ပြန်လည်ရယူဖို့ ထိုးစစ်ဝင်ရောက်လာပြီးနောက် သေနတ်နဲ့ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မင်းလက်ပံကျေးရွာက သားအမိ ၂ ယောက် အပါအဝင်  ဒေသခံ ၄ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013