
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ တိုးတက်မှုနှေးကွေးနေတဲ့အပေါ် အာဆီယံ ခေါင်းဆောင် တွေက စိတ်ပျက်အားမလိုအားမရဖြစ်နေကြတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မေ ၈ ရက်မှာ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ မနေ့က ကျင်းပတဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအအပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတမားကို့စ်က မြန်မာနိုင်ငံ အခြေအနေကို ဖြေရှင်းရခက်တဲ့ ပြဿနာအဖြစ် တင်စားပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်က "ကျနော်တို့ လုံလောက်အောင် မလုပ်ဆောင်ခဲ့ဘူးလို့တော့ မယုံကြည်ပါဘူး။ ဒါပေမဲ့ မေးခွန်းက တမျိုးဖြစ်ပါတယ်။ မေးခွန်းက 'ကျနော်တို့ ဘာတွေ ထပ်လုပ်နိုင်ဦးမလဲ' ဆိုတာပါပဲ။ ဆွေးနွေးပွဲကလည်း အဲဒီဘက်ကိုပဲ ဦးတည်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတွေက ရှေ့မတိုးဘဲ ဖြစ်နေလို့ပါ"လို့ သတင်းထောက်တွေကို ပြောပါတယ်။
"လုပ်ငန်းစဉ်တွေ ရှေ့မတိုးတာ၊ ဒါမှမဟုတ် တိုးတက်မှုရှိရင်တောင် အလွန်နည်းပါးနေတာဟာ အဖွဲ့ဝင်နိုင်ငံတွေအတွက် တကယ်ပဲ စိတ်ပျက်စရာကောင်းပါတယ်။ အခုအချိန်မှာ ကျနော်တို့ မျှော်လင့်ထားသလောက် တိုးတက်မှုမျိုး မရှိသေးတာကတော့ အမှန်ပါပဲ"လို့ သမ္မတ မားကို့စ်က ပြောပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို မြန်မာနိုင်ငံပါဝင် သဘောတူညီချမှတ်ထားတာဖြစ်ပေမဲ့ တိုးတက်မှု တစုံတရာ မတွေ့ရသေးကြောင်း မားကို့စ်က ပြောပါတယ်။
သဘောတူညီချက် ၅ ရပ်ထဲမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်အောင် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးဖို့ စတာတွေ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို စစ်အာဏာရှင်တပ်က ဒီကနေ့အထိ နေ့စဉ် ရက်ဆက်ပြုလုပ်နေတာဖြစ်ပြီး ပြည်သူတွေထိခိုက်သေဆုံးတာ၊ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်ရတာတွေဆက် ရှိနေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ အတုအယောင် ရွေးကောက်ပွဲကျင်းခဲ့ကာ စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကပဲ သမ္မတအဖြစ် ဆက်လက် အာဏာချုပ်ကိုင်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်နဲ့ အာဆီယံပြောရေးဆိုခွင့်ရှိသူ ဒိုမနစ် ဇေးဗီးယားအင်ပီရီယယ်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးမီကကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုရေး၊ မပြုရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အကြား ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ ပြောထားပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးသားမလို့ အစိုးရကို ထပ်မံအသိအမှတ်ပြုဖို့ မလိုအပ်ဘူးလို့ သမ္မတ မားကို့စ်က ပြောပါတယ်။
"တိုးတက်မှုတွေ ပိုမြင်ချင်တယ်ဆိုတာကို ကျနော်တို့ အားလုံး သဘောတူကြပါတယ်။ အခုလို ရှေ့မတိုးဘဲ ရပ်တန့်နေတဲ့ လုပ်ငန်းစဉ်ကို ပြောင်းလဲနိုင်ဖို့ နည်းလမ်းတွေကို အစွမ်းကုန် ကြိုးစားရှာဖွေသွားမယ်ဆိုတာကိုလည်း သဘောတူထားကြပါတယ်။”
ဒါ့အပြင် လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာတဲ့ အာဆီယံရဲ့ အခြေခံမူတွေကို အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စွန့်လွှတ်မှာမဟုတ်ဘူးလို့ သမ္မတ မားကို့စ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေ ပုံမှန်ပြန်ဖြစ်ဖို့ ပိုမိုလုပ်ဆောင်ရမယ်လို့ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောပါတယ်။
"ခေါင်းဆောင်တွေက အကြံဉာဏ်သစ်တွေ ရှာဖွေသွားကြမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ထိုင်နေတဲ့အချိန်မှာ ကျနော်တို့ဆီမှာ အဖြေတွေ အဆင်သင့်မရှိသေးဘူးဆိုတာ ပြောခဲ့ကြလို့ပါ။ ဒီအကြောင်းအရာတွေကို အခုချက်ချင်း ဆုံးဖြတ်မှာမဟုတ်ပေမဲ့ ကျနော်တို့ ပြန်သွားကြတဲ့အခါ ဒီလုပ်ငန်းစဉ်ကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ၊ တိုးတက်မှုတွေ ဘယ်လိုစပြီး မြင်တွေ့ရမလဲ ဆိုတာကို စဉ်းစားရှာဖွေသွားကြမှာပါ။”
စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ မကြာခင်မှာ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ပြီလို့ အာဆီယံ အတွင်းရေးမှူးချုပ်က မေ ၇ ရက်မှာ ပြောထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက်ကို လိုက်နာဖို့ ပျက်ကွက်နေတဲ့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်ပိုင်းကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
အခုကျင်းပတဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာစစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ခွင့်မရပေမဲ့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်ခဲ့ပါတယ်။
အာရှလွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာကွန်ရက် (ANFREL) အဖွဲ့ကတော့ စစ်အာဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်သယောင် ဖြစ်သွားစေမဲ့ လုပ်ရပ်မျိုး တွေကို ရှောင်ကြဉ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းသတိပေးထားပါတယ်။











