အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က မူလတန်းကျောင်းတကျောင်းမှာ အောက်တိုဘာ ၁၅ ရက်က အသက် ၁၆ နှစ်အရွယ် လူငယ်တယောက် ပစ်ခတ်ခဲ့တာကြောင့် ကလေး ၃ ယောက်နဲ့ ဆရာတယောက် သေဆုံးခဲ့ပြီး ကျူးလွန်သူကိုတော့ အရပ်သားတယောက်က ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုဟာ ဘန်းမြို့က ဆီလ်ဗာ ရေးလ် မူလတန်းကျောင်းမှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။
သေနတ်သမားဟာ သော့ခတ်ထားတဲ့ ကျောင်းတံခါးတွေကို သေနတ်နဲ့ ပစ်ဖောက်ပြီး ကျောင်းထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ ကလေးတွေက အသက် ၅ နှစ်၊ ၈ နှစ်နဲ့ ၁၁ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ နောက်ထပ် အသက် ၇ နှစ်အရွယ် ကလေးတယောက်နဲ့ အသက် ၅၄ နှစ်အရွယ် ဆရာတယောက်လည်း ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရပါတယ်။
ပစ်ခတ်မှုကို မြင်ခဲ့တဲ့ အရပ်သားတယောက်က သေနတ်သမားနောက်ကို ကျောင်းထဲအထိ လိုက်သွားပြီး ပစ်သတ်ခဲ့တယ်လို့ ဘန်းမြို့ရဲမှူး မိုက် ခရန့်ဇ်က ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ အရေးပေါ်ဖုန်းခေါ်ဆိုမှုရပြီး ၃ မိနစ်အကြာမှာ အခင်းဖြစ်ရာကို ရောက်ရှိခဲ့ပြီး သေနတ်သမား သေဆုံးနေပြီဆိုတာ အတည်ပြုခဲ့ပါတယ်။
ကျူးလွန်သူရဲ့ အမည်နဲ့ ကျောင်းနဲ့ ဆက်စပ်မှုရှိ၊ မရှိ၊ ဘာကြောင့် ပစ်ခတ်ခဲ့တာလဲ ဆိုတာတွေကိုတော့ ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။
ဒေသခံ ပညာရေးအုပ်ချုပ်ရေးမှူး စတီဗင် ကွတ်က “ဒီလို အဓိပ္ပာယ်မဲ့တဲ့ ကြေကွဲစရာဖြစ်ရပ်ကြောင့် ကျနော်တို့ အလွန်အမင်း တုန်လှုပ်ပြီး ဝမ်းနည်းကြေကွဲနေရပါတယ်” လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဘန်းမြို့က ကျောင်းတွေကို အောက်တိုဘာ ၁၆ ရက်မှာ ပိတ်ထားပါတယ်။
Source: Reuters











