
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ဧပြီ ၂၃ ရက်က မျက်နှာချင်းဆိုင်က မောင်းနှင်လာတဲ့ ရထား ၂ စင်း ခေါင်းချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၄ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံ အရေးပေါ်အဖွဲ့တွေက ပြောပါတယ်။
ဒီမတော်တဆဖြစ်ရပ်ဟာ ကိုပင်ဟေဂင်မြို့မြောက်ပိုင်း၊ ဟီးလဝို့ဒ်နဲ့ ကေးရို့ပ်မြို့တွေကို ဆက်သွယ်ထားတဲ့ ရထားလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဒေသခံ မီးသတ်တပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဒေသတွင်း ပြေးဆွဲနေတဲ့ ရထား ၂ စင်းဟာ ထိပ်တိုက်တွေ့ တိုက်မိခဲ့တာဖြစ်ပြီး ရထားခေါင်းပိုင်းတွေ ပျက်စီးနေတဲ့ပုံရိပ်တွေကိုလည်း ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒိန်းမတ်ပြည်သူ့ရုပ်သံ DR က ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေထဲမှာ အဝါနဲ့ မီးခိုးရောင် ရထား ၂ စင်းဟာ သစ်တောနယ်မြေအတွင်းမှာ အရှေ့ဘက်တွေ ပျက်စီးထားပြီး တခုနဲ့တခု မျက်နှာချင်းဆိုင် တိုက်မိနေတဲ့ အခြေအနေကို တွေ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ရထားပေါ်က ခရီးသည်တွေ ဒဏ်ရာရခဲ့ကြပေမဲ့ အားလုံးကို ရထားပေါ်ကနေ ခေါ်ထုတ်နိုင်ခဲ့ပါပြီ၊ ပိတ်မိနေသူတော့ မရှိတော့ဘူး” လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ အများအပြား စေလွှတ်ထားပြီး ဒဏ်ရာရသူတွေကို လူနာတင်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
Source: Reuters










