
စပိန်နိုင်ငံ မက်ဒရစ်မြို့တော်မှာ လူ ၆၈ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အမြန်ရထားတိုက်မှု ဖြစ်အပြီး အစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတခုအတွင်း လက်ယာစွန်းအုပ်စုတွေနဲ့ စပိန်ရဲတပ်ဖွဲ့တို့ အောက်တိုဘာ ၂၈ ရက်က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အဆောက်အအုံအပြင်ဘက်မှာ ဆန္ဒပြသူ အယောက် ၅၀၀ လောက် စုဝေးခဲ့ကြပြီး တချို့က ရဲတပ်ဖွဲ့ဝင်တွေဆီ ပုလင်းတွေ မီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက လမ်းမပေါ်က ဆန္ဒပြသူတွေကို ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်ချိန်မှာ မျက်ရည်ယိုဗုံးတွေသုံးပြီး တုံ့ပြန်ခဲ့ကြပါတယ်။
ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိသလို ဖမ်းဆီးထိန်းသိမ်းခံရသူလည်း မရှိဘူးလို့ အာဏာပိုင်တွေက အစီရင်ခံပါတယ်။
နိုင်ငံပိုင် ရထားကုမ္ပဏီ ရန်ဖီက ရထားတစင်းနဲ့ ပုဂ္ဂလိကကုမ္ပဏီ အီရီယိုတို့က ရထားတစင်းတို့ မက်ဒရစ်မြို့တော် တောင်ဘက် ကီလိုမီတာ ၁၂၀ လောက်အကွာ တိုလီဒိုပြည်နယ်က အူရ်ဒါ ဘူတာရုံနားမှာ ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီလောက်က ဝင်တိုက်မိခဲ့တာပါ။
ကနဦး သတင်းတွေအရ ရထားလမ်းပေါ်မှာ ရပ်ထားတဲ့ အီရီယိုရထားရဲ့ နောက်ပိုင်းကို ရန်ဖေးရထားက ဝင်တိုက်ခဲ့တာကြောင့် ရထားတွဲ ၂ တွဲ လမ်းကြောင်းကနေ လျှောကျပြီး ရထားလမ်းဘေးက မြေကမ်းပါးယံအောက်ထဲ ထိုးကျသွားခဲ့ပါတယ်။
တိုက်မိတဲ့ ရထားတွေပေါ်မှာ တရုတ်နိုင်ငံသား ၄ ယောက် လိုက်ပါလာခဲ့တယ်လို့ စပိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက အတည်ပြုခဲ့ပြီး တယောက်ထက်မနည်းက မပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် မက်ဒရစ်မြို့နဲ့ အန်ဒါလူစီယာဒေသအကြား ရထားဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ စပိန်နိုင်ငံ ရထားလမ်းအခြေခံအဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့က အတည်ပြုပါတယ်။
စပိန်နိုင်ငံတဝန်းက နိုင်ငံရေးပါတီတွေက ဗုဒ္ဓဟူးနေ့အတွက် စီစဉ်ထားတဲ့ လှုပ်ရှားမှုတွေကို ဖျက်သိမ်းခဲ့ကြပြီး တာဝန်ရှိသူတွေကလည်း ထိခိုက်ခံစားရသူတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြကာ ကူညီပံ့ပိုးသွားမယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၉ လက ဒီလမ်းကြောင်းပေါ်မှာ ဒီကုမ္ပဏီတွေက ပြေးဆွဲနေတဲ့ အမြန်ရထားတွေ တိုက်မိလို့ လူ ၄၆ ယောက် သေဆုံးခဲ့ဖူးပါတယ်။
၂၀၁၃ ခုနှစ်က စပိန်နိုင်ငံ ဆန်တီယာဂို ဒီကွန်ပိုစတယ်လာမြို့မှာ ရထားလမ်းချော်မှုကြောင့် လူအယောက် ၈၀ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံး ရထားမတော်တဆမှု ဖြစ်လာခဲ့ပါတယ်။
Source: Reuters











