ဒေါ်လ်ဖင်အမည်ရ တိုင်ဖွန်းမုန်တိုင်းဟာ ဩဂုတ် ၉ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံ အရှေ့ပိုင်းကို ဝင်ရောက်ခဲ့တာကြောင့် ရှန်ဟိုင်း အပါအဝင် ဒေသတဝန်းက လူတသန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ကျဲ့ကျန်းပြည်နယ် ယူဟွမ်ဒေသကို အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၅၀ ကီလိုမီတာနဲ့ ပထမဆုံး ဝင်ရောက်ခဲ့တာပါ။
အဲဒီနောက် တနာရီလောက် အကြာမှာတော့ ဝမ်ကျိုးမြို့ကို ဒုတိယအကြိမ် ကမ်းခြေဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီး ရှန်ဟိုင်းတမြို့တည်းမှာတင် လေယာဉ်ခရီးစဉ် ၁,၄၀၀ လောက် ဖျက်သိမ်းခဲ့ရပါတယ်။
တရုတ်အာဏာပိုင်တွေက ဒေါ်လ်ဖင်အတွက် အမြင့်ဆုံး အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ ဩဂုတ် ၁၀ ရက် မနက်ပိုင်းမှာတော့ အပူပိုင်းမုန်တိုင်းအဆင့်ကို လျှော့ချခဲ့ပါတယ်။
အမျိုးသားမိုးလေဝသစင်တာရဲ့ အကြီးအကဲ ဝမ်ဟိုင်ဖျင်က “မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားပြီး တဖြည်းဖြည်း အားလျော့သွားမယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ မိုးသည်းထန်မှု၊ ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ကျဲ့ကျန်း၊ ကျန်းစု၊ အန်ဟွေး၊ ဟူပေ၊ ဟီနန်နဲ့ ရှန်တုန်းပြည်နယ်တွေအပြင် ရှန်ဟိုင်းမှာပါ မိုးသည်းထန်မယ်လို့ ခန့်မှန်းထားပါတယ်။
အာဏာပိုင်တွေက ပြည်သူတွေကို အပြင်ထွက်လှုပ်ရှားမှုတွေ ရှောင်ဖို့ တိုက်တွန်းထားပြီး Disneyland နဲ့ Legoland အပါအဝင် ခရီးသွားနေရာတချို့ကိုလည်း ပိတ်ထားပါတယ်။
တရုတ်နိုင်ငံကို မရောက်ခင်ကလည်း ဒေါ်လ်ဖင်ဟာ ဂျပန်နိုင်ငံ အိုကီနာဝါကို ဖြတ်သန်းခဲ့လို့ လူ ၆ ယောက် ဒဏ်ရာရကာ အဆောက်အအုံ ၅၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။










