
ရန်ကုန်မှာ ယာဉ်လိုင်းပြေးဆွဲနေစဉ် ခရီးသည် လုရာက ရန်ဖြစ်ခဲ့ကြတဲ့ YBS ၈၉ နဲ့ YBS ၅၇ ဘတ်စ်ကားယာဉ်လိုင်းမှ ယာဉ်မောင်း ၂ ယောက်ကို စုံခုံဖွဲ့ စစ်ဆေး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်က သိမ်ကြီးဈေး မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ခရီးသည် လုရာကနေ ယာဉ်မောင်း ၂ ယောက် ထိုးကြိတ် ရန်ဖြစ်နေကြပုံတွေ အောက်တိုဘာ ၃၀ ရက်ကစပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
YRTC မှ တာဝန်ရှိသူတယောက်က "ဒီကိစ္စနဲ့ ပတ်သက်ပြီး ခုံရုံးဖွဲ့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါ ယာဉ်လိုင်း ၂ ခုမှ တာဝန်ရှိသူတွေကိုလည်း ခေါ်ယူ မေးမြန်းနေပါတယ်။ ဖြစ်စဉ် မှန်ကန်ပါက ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
TikTok လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်အရ မြို့တွင်းပတ် ပြေးဆွဲတဲ့ YBS ၅၇ ယာဉ်လိုင်းက တလမ်းလုံး ပိတ်မောင်းကာ ခရီးသည် လုတင်ခဲ့တာကြောင့် သာကေတမှ ကြည့်မြင်တိုင်သို့ ပြေးဆွဲတဲ့ YBS ၈၉ ယာဉ်မောင်းက ဒေါသထွက်ကာ ကားပေါ်တက်ပြီး ထိုးကြိတ်ခဲ့တာလို့ ဖော်ပြထားကြပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ GYCT ကုမ္ပဏီဘက်မှ တောင်းပန်စကား ဆိုထားပေမဲ့ YBPC ဘက်မှကတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။











