
ရီးရဲမက်ဒရစ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဗယ်ဗာဒီနဲ့ တက်ချာမနီတို့ဟာ အဝတ်လဲခန်းအတွင်းက အချင်းများ ခိုက်ရန်ဖြစ်ခဲ့မှုအတွက် အပြန်အလှန် တောင်းပန်ခဲ့ကြတယ်လို့ နည်းပြ အယ်ဗာရို အာဗီလိုအာက မေ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
အသင်းသားတွေကို သူ့အနေနဲ့ တနင်္ဂနွေနေ့မှာ ကစားမဲ့ ဘာစီလိုနာနဲ့ ပွဲစဉ်အတွက် အာရုံစိုက်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဒီရန်ပွဲနဲ့ ပတ်သက်လို့ ရီးရဲအသင်းကလည်း ကစားသမား ၂ ယောက်စလုံးကို ယူရို ၅ သိန်းစီ (အမေရိကန်ဒေါ်လာ ၅၉၀,၀၀၀ ခန့်) စီ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။
နည်းပြက “ကစားသမားတွေက သူတို့အမှားကို လက်ခံပြီး နောင်တရကြောင်း ပြောကြားကာ ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့ကြတယ်။ ဒါနဲ့ပဲ ကျနော့်အတွက် လုံလောက်ပါတယ်” လို့ ပြောပါတယ်။
ကစားသမား ၂ ယောက်စလုံးဟာ ကလပ်အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ အခွင့်အရေးရထိုက်တဲ့ ကစားသမားတွေပါလို့လည်း တုံ့ပြန်ပါတယ်။
လက်ရှိအချိန်မှာတော့ ဘာစီလိုနာက ရီရဲထက် ၁၁ မှတ်အကွာ အထက်မှာ ရှိနေပြီး ဒီတနင်္ဂနွေပွဲစဉ်မှာ သရေရလဒ် ရှိခဲ့မယ်ဆိုရင်တောင် လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။










