
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် တရက်တည်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် အရပ်သား ၁၁ ယောက်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သင်္ကြန်ရေကစားရင်း ခိုက်ရန်ဖြစ်ပွားတာကြောင့် အရပ်သား ၁၁ ယောက် ဖမ်းဆီးခံရပြီး ညနေပိုင်းမှာ ၃ ယောက် ပြန်လွတ်လာကာ ၉ ယောက်ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ရဲနဲ့ နီးစပ်သူတယောက်က “ပြန်လွတ်လာတဲ့ ၃ ယောက်က မျက်နှာကြီးအသိုက်အဝန်းကလို့ သိရပါတယ်။ ၁၁ ယောက်အတူတူ ခိုက်ရန်ဖြစ်ပွားလို့ ထိန်းသိမ်းခံရတဲ့အထဲက လူငယ်တွေ လွတ်လာ။ ကကြခုန်ကြရင်း ရန်ဖြစ်ကြတာ။ ထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေအထိတော့ ဖြစ်တာမရှိဘူး” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေဟာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေချည်းပဲဖြစ်ပြီး ၇ ယောက်က ပုသိမ်မြို့ပေါ်ကဖြစ်ကာ ၄ ယောက်က ပုသိမ်မြတ်တိုဘက်ကနေ ရေလာကစားတဲ့ လူငယ်တွေ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာတော့ သင်္ကြန်တွင်း ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် သေဆုံးကာ ကျူးလွန်သူကို ရဲတွေက သွားဖမ်းစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် ညနေပိုင်းက အမှတ် ၆ ရပ်ကွက်မှာ လူသတ်မှု ဖြစ်ပွားတာဖြစ်ပြီး ဓားနဲ့အထိုးခံရလို့ သေဆုံးသူဟာ အသက် ၄၀ အရွယ် အမှတ် ၈ ရပ်ကွက်၊ မြနန္ဒာ ၃ လမ်းနေ အိုးဝေမောင်းတဲ့ လုပ်ငန်းလုပ်သူ ကိုဖိုးအေး ဖြစ်ပါတယ်။
ဓားနဲ့ထိုးသတ်သူကတော့ အမှတ် ၈ ရပ်ကွက်အောက်ပိုင်းက အသက်လတ်ပိုင်းအရွယ် အမျိုးသားတယောက် ဖြစ်ပါတယ်။
မအူပင်မြို့ခံတယောက်က “ကျူးလွန်သူက အရင်ပြစ်မှုတွေရှိခဲ့ဖူးသူလို့ သိရပါတယ်။ ဘာကြောင့် ဓားနဲ့ ထိုးသတ်တာလဲတော့ မသိဘူး။ ရဲတွေက ကျူးလွန်သူကို ဖမ်းဆီးထားတယ်” လို့ ပြောပါတယ်။
ကျူးလွန်တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးချိန် ကျူးလွန်သူက ပြန်လည် ခုခံခဲ့တာကြောင့် ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ရဲတွေက အမှတ် ၇ ရပ်ကွက်၊ ခိုင်သစ္စာလမ်းက ငရဲ ဆိုသူ အမျိုးသားတယောက်ကိုလည်း အဆိုပါဓားထိုးမှုဖြစ်စဉ်မှာ ပါဝင်လို့ဆိုပြီး ညပိုင်းမှာ ရဲက ဖမ်းဆီးသွားပါတယ်။










