
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာမှာ စပါးရိတ်ဖို့ ထွက်လာချိန် မြေမြှုပ်မိုင်းနင်းမိတာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခန့်က သောင်ဘုတ်ကျေးရွာမှာနေအိမ်ကနေ စပါးရိတ်ဖို့ ထွက်လာတဲ့ အသက် ၄၀ ကျော်အရွယ် ကိုသက်ဆွေဆိုတဲ့ အမျိုးသားဟာ မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စပါးရိတ်ဖို့ အိမ်ကနေထွက်လာရင်း ရွာအထွက် လယ်ကွင်းအစပ်မှာ မိုင်းနင်းမိတာပါ။ ပွဲချင်းပြီး သေဆုံးသွားတာ။ အခုလို ဖြစ်သွားတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရပါတယ်။ လယ်ယာလုပ်ငန်း လုပ်ဖို့တောင် သွားလာရမှာကို စိတ်မချရတော့ဘူး” လို့ ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့ နေရာဟာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိတဲ့ နယ်မြေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားနေပြီး စစ်ရေးပဋိပက္ခတွေရှိတဲ့ ဒေသတွေမှာ ဒေသခံပြည်သူတွေအနေနဲ့ လယ်ယာ လုပ်ငန်းခွင်ဝင်ရောက်တာနဲ့ သွားလာလှုပ်ရှားတာတွေမှာ အန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။











