
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က ရခိုင်တိုင်းရင်းသား တယောက် အပါအဝင် အရပ်သား အမျိုးသား ၄ ယောက်ကို အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက် မနက် ၆ နာရီကျော်လောက်က လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ရေဖြူးကျေးရွာကို စစ်အာဏာရှင်တပ်က ဝင်ရောက်ပြီး ရခိုင်တိုင်းရင်းသားတယောက် အပါအဝင် အရပ်သား အမျိုးသား ၄ ယောက်ကို အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဒေသခံအရပ်သားတယောက်က “အိမ်တွေထဲမှာ လာဖမ်းခေါ်သွားတာ။ အတင်းအဓမ္မ ဖမ်းခေါ်သွား တာ။ ဘာအတွက်လဲ မေးမရဘူး။ ၂ ယောက်က ဖုန်းပါသွားတယ်။ ဆက်မရဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က အင်အား ၂၀ လောက်နဲ့ အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၄ ယောက်ထဲမှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာမှာ စစ်ဘေးရှောင်ဖို့ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသားတယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “စစ်တပ်က စစ်ကြောင်းထိုးတဲ့နေရာမှာ အရပ်သား တွေကို အကာအကွယ်အနေနဲ့ လုပ်ဖို့ ခေါ်တာလို့လည်း သိရတယ်။ ဖမ်းခေါ်သွားတာက ဟုတ်ပါတယ်” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ အရပ်သားတွေနဲ့ မိသားစုဝင်တွေဟာ နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရ ဖြစ်နေပြီး မိသားစုတွေက စိတ်ပူနေတယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲခံရတဲ့ အရပ်သား မိသားစုတွေက စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဆီ စုံစမ်းပေမဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တပ်ကလုပ်တာဖြစ်လို့ လုံးဝမသိဘူးလို့ ငြင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











