လေးမျက်နှာမြို့နယ်၌ အမျိုးသမီး ၁ ဦးအသတ်ခံရ

ဧရာဝတီတိုင်းအတွင်း စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်း ကျေးရွာမှာ လည်ပင်းဒဏ်ရာနဲ့ အမျိုးသမီးတယောက်ရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက ကြီးပေါက်ကုန်းကျေးရွာမှာ လည်ပင်းဒဏ်ရာနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်သူက ဘာကြောင့် သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ကြီးပေါက်ကုန်းရွာသားတယောက်က “သေဆုံးသူက ဘယ်ကလဲဆိုတာ မသိရသေးပါဘူး။ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတယောက်ပါ။ စစ်ဘေးရှောင်တယောက်လည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်ဟာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသဖြစ်ပြီး အလောင်းတွေ့ရှိခဲ့တဲ့ ကြီးပေါက်ကုန်းကျေးရွာဟာလည်း စစ်အာဏာရှင်တပ်က မကြာခဏ စစ်ကြောင်းထိုးနေသလို တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေ လည်း ရှိနေတဲ့ နေရာဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးဟာ လတ်တလော ရက်အနည်းငယ်အတွင်း သေဆုံးထားတဲ့ အခြေအနေဖြစ်ပြီး ဘယ်လိုအကြောင်းရင်းကြောင့် သေဆုံးခဲ့တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။











