
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ စစ်ဘေးရှောင် အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်ကို ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၃၀ ခန့်အရွယ် ကိုကျော်ဇင် ဖြစ်ပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က “သေဆုံးသူ ကိုကျော်ဇင်ဟာ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာသူတယောက် ဖြစ်တယ်။ စက်စက်ယိုကျေးရွာမှာ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေထိုင်နေတာပါ” လို့ ပြောပါတယ်။
သေဆုံးသူ ကိုကျော်ဇင်ဟာ ၂၀၂၅ ခုနှစ် မတ်လကတည်းက စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေထိုင်သူဖြစ်ပြီး တွေ့ရှိရတဲ့ ဒဏ်ရာတွေဟာ သေနတ်ဒဏ်ရာတွေ ဖြစ်တယ်လို့ ယူဆရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကေကေက ပြောပါတယ်။
စက်စက်ယိုကျေးရွာ အနီးတဝိုက်ဟာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စလုံး လှုပ်ရှားမှုရှိတဲ့ ဒေသတခုဖြစ်ပြီး လတ်တလောမှာလည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေ တဲ့ အဓိကနေရာတခု ဖြစ်ပါတယ်။











