ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဘီယာဆိုင် မီးလောင်မှုအပြီး ထိုင်းအာဏာပိုင်တွေက ဖျော်ဖြေရေးနေရာ ၅၆ ခုကို လုံခြုံရေးအရ ယာယီပိတ်သိမ်းလိုက်တဲ့အကြောင်း Thai PBS သတင်းမှာ ဇူလိုင် ၂၂ ရက်က ဖော်ပြပါတယ်။
ဇူလိုင် ၁၂ ရက် ညပိုင်းက ချတ်တူချတ်နယ်မြေရှိ ဘီယာဆိုင်မီးလောင်မှုမှာတော့ လူပေါင်း ၃၅ ယောက် သေဆုံးပြီး ၇၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
လတ်တလော ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အနှံ့ စစ်ဆေးခဲ့တာမှာ ဘေးကင်းလုံခြုံရေးစည်းကမ်းနဲ့ မညီညွတ်ဘဲ ဖျော်ဖြေရေးလုပ်ငန်းအဖြစ် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကို ယာယီပိတ်သိမ်းဖို့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း မြို့တော် စစ်ဆေးရေးအရာရှိတွေဟာ စီးပွားရေးလုပ်ငန်း ၈၂၄ ခုကို စစ်ဆေးခဲ့ရာမှာ အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေရေးရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဆိုင်ပေါင်း ၂၁၇ ဆိုင်ကိုပဲ တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်မြို့တော်ဝန် ချတ်ချာ့တ် ဆစ်တီဖန်းက ပြောပါတယ်။
လုံခြုံရေး လိုအပ်ချက် မပြည့်စုံတဲ့ တခြား ဆိုင်ပေါင်း ၅၅၁ ဆိုင်ကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အမိန့်ပေးခဲ့ပြီး လုံခြုံရေးပျက်ကွက်မှုတွေ ကြီးကြီးမားမားရှိနေတဲ့ ဆိုင် ၅၆ ဆိုင်ကိုတော့ ယာယီ ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
သာမန် လိုအပ်ချက် သေးသေးမွှားမွှား ပျက်ကွက်မှုတွေမှာ ဆိုင်ကို ချက်ချင်း မပိတ်သိမ်းဘဲ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လုပ်ငန်းရှင်တွေကို အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေက အခွင့်အရေး ပေးထားတယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။
အဆောက်အအုံ စစ်ဆေးရေး လှုပ်ရှားမှုကိုတော့ အချိန် ၂ လကြာ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ တချို့ဆိုင်တွေကိုတော့ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာစေဖို့ ပြန်လည် စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အဲဒီဆိုင်တွေအနေနဲ့ အင်ဂျင်နီယာတယောက်၊ ဒါမှမဟုတ် အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတယောက်ဆီကနေ ဘေးကင်းလုံခြုံရေး ထောက်ခံချက် စာရွက်စာတမ်း တင်ပြဖို့ လိုအပ်လိမ့်မယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။
စီးပွားရေး လုပ်ငန်းတွေ၊ ဒါမှမဟုတ် ဖျော်ဖြေရေးဆိုင်တွေမှာ လုံခြုံရေးပျက်ကွက်မှု တစုံတရာ ရှိရင်တော့ Traffy Fondue ပလက်ဖောင်းကနေတဆင့် မြို့တော် အုပ်ချုပ်ရေးအဖွဲ့ဆီ တိုင်ကြားကြဖို့ မြို့တော်ဝန်က အများပြည်သူကို တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသိပညာ ဗဟုသုတ ပိုမိုရှိလာစေဖို့အတွက် မြို့တော်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ လာမဲ့ သောကြာနဲ့ စနေနေ့တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုအပ်ချက် အထူးအစည်းအဝေးတခုကို ကျင်းပသွားမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
Source: Thai PBS











