
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၄ ရက် ညနေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၇ ယောက် ဒဏ်ရာအပြင်းအထန်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယိုးငူကျေးရွာနဲ့ သရက်ချိုရွာကြားမှာရှိတဲ့ ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဒီညနေ ၅ နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
“မီးငြိမ်းသွားပြီးမှ အလောင်း ၆ လောင်း ထွက်လာတယ်။ အလောင်းတွေကို ခန့်မှန်းလို့ မရသေးဘူး။ နောက်ထပ် မီးထဲမှာပါသွားတဲ့သူတွေလည်း ရှိနိုင်တယ်။ ၇ ယောက်ကတော့ ဒဏ်ရာပြင်းပါတယ်။ လက်ရှိမှာ ဆေးကုသဖို့ပို့ထားရပါတယ်။”
ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တွေနဲ့ ဈေးဆိုင်အများအပြား ပျက်စီးမီးလောင်သွားခဲ့သလို လက်ရှိအချိန်အထိ စစ်ဘေးရှောင် အပြစ်မဲ့အရပ်သားပြည်သူ ၆ ယောက် ပွဲချင်းပြီး သေဆုံးတယ်လို့ AA က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲက ဒေသခံတွေနေထိုင်ရာ မြို့၊ ရွာတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြောက်ဦးဒေသခံပရဟိတ အဖွဲ့ဝင် လူငယ်တယောက်က ပြောပါတယ်။
“စစ်ကိုစစ်နဲ့တူအောင်မတိုက်ဘဲ အပြစ်မဲ့ဒေသခံတွေကို လက်နက်နဲ့သတ်နေတာက သူရဲဘောကြောင်တဲ့လုပ်ရပ်။ ကျနော်တို့ပြည်သူတွေ ငြိမ်းချမ်းနေတာကို ဒီကောင်တွေ မနာလိုမုန်းတီးလို့ အခုလို တိုက်ပွဲမရှိတဲ့နေရာတွေကိုပစ်မှတ်ထားနေတာ။”
အောက်တိုဘာ ၃ ရက် မနေ့မနက်အစောပိုင်းကလည်း ရသေ့တောင်မြို့နယ်ထဲကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် အပါအဝင် လူ ၂ ယောက် သေဆုံး၊ ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ရသေ့တောင်မြို့ပေါ်ရပ်ကွက်တွေနဲ့ ပြားချောင်းကြီးကျေးရွာ၊ ပြင်ခေါင်ကျေးရွာ၊ အငူမော်ကျေးရွာတို့ကို မနက် ၁ နာရီလောက်မှာ Y-12 လေယာဉ်တစင်းနဲ့ လာရောက် ဗုံးကြဲခဲ့တာပါ။










