
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၁၅ သန်း ထောက်ပံ့သွားဖို့ရှိနေပြီး ထိရောက်တဲ့အကူအညီတွေကို ရရှိဖို့ ဒုက္ခသည်တွေက မျှော်လင့်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်က နှစ်ရှည်ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေနဲ့ တာခ့်ခရိုင်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပံ့ပိုးနိုင်ဖို့ EU က ယူရို ၁၅ သန်း ထောက်ပံ့ ကူညီသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးက UNHCR နဲ့ IRC တို့လို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ကျန်းမာရေး၊ ကလေးသူငယ် ကာကွယ်ရေးနဲ့ အသက်မွေးဝမ်းကျောင်းကဏ္ဍတွေမှာ အဓိက အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ အကူအညီတွေ ဖြတ်တောက်ခံထားရတဲ့အတွက် အဘက်ဘက်က ကျပ်တည်းနေတဲ့ ကရင်ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အုန်းဖြန်စခန်းကတော့ အခုအချိန်ထိ ဒီအကူအညီတွေနဲ့ ပတ်သက်ပြီး ဘာမှမကြားထားဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနှစ်ဆန်းပိုင်းက ဂျပန်အစိုးရ လှူဒါန်းခဲ့တဲ့ တာ့ခ်ခရိုင်ထဲက မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုကောင်းစေဖို့ ရည်ရွယ်တဲ့ အလှူငွေ ဘတ် သန်း ၉၀ ကျော်နဲ့ ပတ်သက်ပြီးလည်း စခန်းထဲကို သိသာတဲ့အကူအညီတွေ ရောက်ရှိမလာသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
အုန်းဖြန်စခန်း ကျန်းမာရေးဝန်ထမ်းတယောက်က “နောက်ထပ်အသစ်လာမဲ့ အထောက်အပံ့တွေ မရောက်ခင် အဟောင်းတွေတောင်မှ ကျနော်တို့ဆီကို ဘယ်ရွေ့ဘယ်မျှဆိုတာတောင်မှ ကျနော်တို့ မသိရသေးဘူးလေနော်။ ပြောချင်တာက ကျန်းမာရေးအတွက်ဆိုပြီးတော့ သိသာထင်ရှားတဲ့ ထောက်ပံ့မှုမျိုးတွေ ဘာမှ မတွေ့ရသေးဘူး။ အရင်တုန်းက confirm (အတည်ပြု)ဖြစ်ခဲ့တဲ့ အလှူရှင်တွေတောင်မှပေါ့နော်။ ပြောချင်တာက JICA လို ဟာမျိုးတွေပေါ့၊ ဒါမျိုးတွေဆိုရင် သိသာ ထင်ရှားတဲ့ အပြောင်းအလဲတွေ ဘာမှ မတွေ့သေးဘူး လက်ရှိမှာ” လို့ ပြောပါတယ်။
အုန်းဖြန်စခန်းမှာ အရင်က ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ရှိခဲ့ပေမဲ့ အခုအခါမှာတော့ ၂၂ ယောက်ပဲ ကျန်ပါတော့သလို့ လစာငွေဟာလည်း ဘတ် ၅,၀၀၀ ကနေ ၃,၀၀၀ ထိ လျော့နည်းသွားဖို့ ရှိနေပါတယ်။
ဝန်ထမ်းအင်အား နည်းသွားတာကြောင့် လူနာတွေကို အိမ်တိုင်ရာရောက် လိုက်လံ မစစ်ဆေးပေးနိုင်တော့သလို စခန်းနေပြည်သူတွေဟာလည်း စားဝတ်နေရေး ကျပ်တည်းတာကြောင့် ကျန်းမာရေးကို ဦးစားမပေးနိုင်တဲ့ အခြေအနေ ဆိုက်နေပါတယ်။
ကရင်နီဒုက္ခသည်စခန်း ၂ ခု မှာလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့နေရပြီး ဆေးရုံတက်ရမဲ့စရိတ် မတတ်နိုင်လို့ ဆေးခန်းမပြဘဲ ရှောင်နေရင်းကနေ အသက်ဆုံးရှုံးရသူတွေတောင် ရှိလာနေပြီလို့ ကရင်နီကျန်းမာရေးဌာန (KnHD) တာဝန်ရှိသူက ဆိုပါတယ်။
သူတို့လည်း ဂျပန်က ပေးမယ်ဆိုတဲ့ အကူအညီရော၊ အခု EU က ပေးမယ်ဆိုတဲ့ အကူအညီတွေအကြောင်းကို မကြားမိသေးဘူးလို့ ဆိုပါတယ်။
ကရင်နီကျန်းမာရေးဌာန (KnHD) တာဝန်ရှိသူတယောက်က “ငွေကြေးမတတ်နိုင်တဲ့ လူနာတွေဆိုရင် ဆေးရုံကိုသွားဖို့ သူတို့ ငြင်းဆန်တယ်ပေါ့နော်။ သူတို့ဆေးရုံမှာ ရောက်ပေမဲ့ အဲဒီမှာ ကုန်ကျစရိတ်တွေ များတယ်ဆိုပြီးတော့မှ လူနာရဲ့မိသားစုဝင်က လူနာတွေကို ပြန်ခေါ်လာတယ်ပေါ့နော်။ နောက် တချို့ဆိုလို့ရှိရင်လည်း ဆေးခန်းကိုလာတဲ့ အချိန်မှာ နောက်ကျသွားပြီးတော့မှ ဆေးရုံကို ပို့တော့လည်း မမီဘဲနဲ့ အသက်ဆုံးရှုံးရတဲ့ လူနာတွေလည်း တချို့ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။
အခက်အခဲတွေကြားက အသက်ရှူပေါက်တခုအနေနဲ့ ထိုင်းအစိုးရက ၂၀၂၅ အောက်တိုဘာလကစပြီး ဒုက္ခသည်တွေကို စခန်းပြင်ပမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုထားပါတယ်။
ကရင်နီဒုက္ခသည်စခန်းရဲ့ ၂၀၂၅ အောက်တိုဘာကနေ ဧပြီ ၈ ရက်နေ့အထိ စာရင်းအရ ပြင်ပထွက်အလုပ်လုပ်ခွင့်ရသူ ၁၅၂ ယောက် ရှိပြီး လုပ်ခလစာ အဆင်မပြေတာကြောင့် အယောက် ၄၀ လောက်က စခန်းကို ပြန်လာခဲ့ကြပါတယ်။
နိုင်ငံတကာအကူအညီတွေ လျော့နည်းသွားတာကြောင့် ဒုက္ခသည်စခန်းတွေဟာ အကူးအပြောင်းကာလတခုကို ရောက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတကာအကူအညီတွေ မရှိတော့တဲ့နောက် ထိုင်းအစိုးရရဲ့ စီမံမှုအောက်ကို ရောက်ရှိသွားဖို့ ပြင်ဆင်နေရချိန်မှာ အားလုံးက နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက တိုက်တွန်းထားပါတယ်။
“ဒီ အပြောင်းအလဲကာလလေးမှာ သူတို့ ပြင်ဆင်တာလေးတွေ ရှိတယ်။ အရင်တုန်းက ဒီ နိုင်ငံတကာက ပံ့ပိုးကူညီတဲ့ အနေအထားက သူတို့ ချမှတ်ထားတဲ့ ဥပမာ အလုပ်သမားဦးရေတွေ သူတို့ လျှော့ချမယ်။ နောက်တခုကကျတော့ အဲဒီ အလုပ်သမားဦးရေရဲ့ ဒီ ပံ့ပိုးမှု လစာတွေ အဲဒါတွေက နည်းသွားမယ်။ အဲဒါလေးတွေက ရှိတယ်။ ရှိတဲ့အပေါ်မှာ အဲဒါတွေကို နားလည်ပေးကြပြီးတော့၊ တကယ်လို့ အခက်အခဲကြီးကို မကျော်လွှားနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုလို့ရှိရင်လည်း စခန်းစီမံခန့်ခွဲရေးကော်မတီတွေနဲ့ ပိုပြီးတော့ ပူးပေါင်းပါဝင်ပြီးတော့ ပူးပေါင်းလုပ်ဆောင်ပြီးတော့ ညှိနှိုင်းကြပါလို့နော် ကျနော် အဲဒီလို အနူးအညွတ် တောင်းပန်ပြီးတော့ ပြောပြချင်တယ်ပေါ့နော်”
ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေနဲ့ စခန်းတွင်း နေထိုင်ကြသူတွေဟာ တခဏတာ ပေးမဲ့ အကူအညီထက် မိမိဘာသာ ရပ်တည်နိုင်ဖို့၊ ရေရှည်အကျိုးရှိစေမဲ့ အလုပ်အကိုင်အခွင့်အလမ်း များများဖန်တီးပေးနိုင်ဖို့ စတဲ့ အကူအညီတွေကို မျှော်လင့်နေကြတာဖြစ်ပြီး ဒုက္ခသည်စခန်း အားလုံးကနေ အလုပ်လုပ်ခွင့်ရသူဦးရေဟာ ၅,၀၀၀ လောက်ပဲ ရှိနေသေးတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အဆိုအရ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၈၀,၀၀၀ ကျော် ခိုလှုံနေတာ ဖြစ်ပါတယ်။










