
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စျေးဝယ်စင်တာ တခုမှာ မတ် ၂၆ ရက်က ပိုကီမွန်အရုပ်ဆိုင်မှ ဝန်ထမ်း အမျိုးသမီး တယောက် ဓားနဲ့ထိုးသတ်ခံရပြီး ကျူးလွန်သူလို့ သံသယရှိသူကလည်း သူ့ကိုယ်သူ ဓား နဲ့ ပြန်ထိုးခဲ့လို့ သေဆုံးသွားခဲ့တာကြောင့် ကလေးတွေရဲ့ နွေဦးရာသီ ကျောင်းပိတ်ရက်အတွင်း ဈေးဝယ် ထွက်နေကြသူတွေ ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။
ဈေးဝယ်စင်တာအတွင်း ည ၇ နာရီ ၁၆ မိနစ်လောက်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို သက်တူရွယ်တူ အမျိုးသား တယောက်က လည်ပင်းကို ဓားနဲ့ ထိုးခဲ့တာလို့ တိုကျို မြို့တော်ရဲဌာနက ထုတ်ပြန်ပါတယ်။
သူတို့ ၂ ယောက်စလုံးကို ဆေးရုံကို ပို့ဆောင်ပြီး တနာရီအတွင်းမှာပဲ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
ပြည်တွင်းသတင်းတွေအရ သေဆုံးသူဟာ အဲ့ဒီအဆောက်အအုံထဲက ပိုကီမွန်စင်တာ ဆိုင်ဝန်ထမ်း ဖြစ်ပြီး ကျူးလွန်သူဟာ လက်နှစ်ဖက်လုံးမှာ ဓားတွေ ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ် မတိုင်ခင်မှာ သေဆုံးသူအမျိုးသမီးဟာ သူ့ကို တစုံတယောက်က နောက်ယောင်ခံ လိုက်ပြီး နှောင့်ယှက်နေတယ်လို့ ရဲစခန်းကို တိုင်ချက်ဖွင့်ထားဖူးကြောင်း အဆာဟိသတင်းစာက ဖော်ပြပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ဆိုင်အတွင်း ကလေးတွေနဲ့ နိုင်ငံခြားသားခရီးသွားတွေအပါအဝင် လူ ၁၀၀ ကျော်လောက် ရှိနေပြီး စင်တွေ ပြိုလဲသံနဲ့ "ကူညီကြပါဦး" ဆိုတဲ့ အမျိုးသမီးရဲ့ အော်ဟစ်သံတွေ ကြားခဲ့ရတယ်လို့ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးခဲ့တဲ့ မျက်မြင်သက်သေတယောက်က အဆာဟိသတင်းစာကို ပြောပါတယ်။
သေနတ်ထိန်းချုပ်မှု တင်းကျပ်တဲ့ ဂျပန်နိုင်ငံမှာ အများပြည်သူအပေါ် အကြမ်းဖက်မှုတွေမှာ ဓားအသုံးပြုမှု ပိုများလာပြီး ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ရထားပေါ်နဲ့ ဘူတာရုံတွေမှာ ဓားထိုးမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters











