
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” ပြည်သူ့လှုပ်ရှားမှုကို ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့၊က လူစည်ကားတဲ့ Shibuya ဘူတာ Hachiko Exit အနီးမှာ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါလှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်း၊ စီဒီအမ်သံအရာရှိဦးအောင်စိုးမိုး၊ ဂျပန်နိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ လာရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
ဦးစောဘလှသိန်းက “အတုအယောင်ရွေးကောက်ပွဲနဲ့ နိုင်ငံတကာကို လှည့်ဖြားဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုက ကုလသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ်နေရာကိုလုယူဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံတွင်းက ပြည်သူတွေရဲ့ စစ်မှန်တဲ့အသံကို အချိန်နဲ့တပြေးညီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို ထုတ်ဖော်ပြောကြားနိုင်သူက ဦးကျော်မိုးထွန်းသာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဦးကျော်မိုးထွန်း ဆက်ရှိနေစေရေးက မြန်မာပြည်သူတွေအတွက် အရမ်းကို အရေးကြီးပါတယ်” လို့ DVB ကို ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးလှုပ်ရှားနေသူ ဒေါက်တာခင်ဇေယျာမြင့်က “ကျမတို့ အခုလို ကမ္ဘာ့ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေစေရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ အခုဆို ၅ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ ကျမတို့ မြန်မာပြည်သူတွေအတွက် ဦးကျော်မိုးထွန်းသည် မရှိမဖြစ်လိုအပ်လှတဲ့ ပုဂ္ဂိုလ်တဦးပါ။ ဘာကြောင့်လဲဆို ကိုယ့်ပြည်သူကို အကြမ်းဖက်နှိပ်စက်၊ သတ်ဖြတ်ကာ လူ့အခွင့်အရေးတွေ အကြီးအကျယ်ချိုးဖောက်နေတဲ့ စစ်အုပ်စုဘက်က ကုလသမဂ္ဂမှာ နေရာရသွားရင် အရမ်းကို ကျမတို့ပြည်သူတွေအတွက် အန္တရာယ်ကြီးမားလို့ အခုလို မြန်မာပြည်သူများ၏အသံကို ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် လာရောက်ပူးပေါင်းဆောင်ရွက်တာပါ” လို့ ပြောပါတယ်။
စီဒီအမ်သံအရာရှိ ဦးအောင်စိုးမိုးက “၂၀၂၁ ခု စစ်အာဏာသိမ်းတုန်းက ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ဘာလုပ်ရမှန်းမသိဘူး။ အဲအချိန်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်သုံးချောင်းထောင်ပြီး အရေးတော်ပုံအောင်ရမည်ဆိုကာ ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေဘက်က ရပ်တည်ပြတဲ့နေ့က ကျနော်တို့အတွက် အလင်းရောင်ရတဲ့နေ့ပေါ့။ သူဟာ ကျနော်တို့ စီဒီအမ်တွေအတွက် လမ်းပြကြယ်တဦးဖြစ်ပြီး သူ့ကြောင့် ကျနော်တို့ ဒီလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းခဲ့တာပါ။ ဒါကြောင့် ဦးကျော်မိုးဆက်ရှိနေရေးက မြန်မာတနိုင်ငံလုံးအတွက် လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံကြောင်း ပြည်သူ့လှုပ်ရှားမှုကို နိုင်ငံတကာလှုပ်ရှားမှုအဖြစ် ကုလသမဂ္ဂ ကြားသိစေဖို့ နိုင်ငံတကာအသီးသီးမှာသာမက မြန်မာနိုင်ငံအတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွတ်နေကြပါတယ်။
တိုကျိုမြို့ရဲ့ Shibuya ဟာ ဂျပန်နိုင်ငံသားတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားသွားလာတဲ့ တိုကျိုရဲ့ အထင်ကရနေရာတခု ဖြစ်တဲ့အတွက် အခုလို ဒီနေရာမှာ ကျင်းပတာလို့လည်း လှုပ်ရှားမှုဦးဆောင်သူတွေက ပြောပါတယ်။











