တိုကျိုတွင် ဆေးခြောက်ရောင်းချမှုဖြင့် မြန်မာအထက်တန်းကျောင်းသား ၁ ဦး ဖမ်းဆီးခံရ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဆေးခြောက်ဖြန့်ချိရောင်းချမှုနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ သံသယနဲ့ ဂျပန်အထက်တန်းကျောင်းတကျောင်းမှာ ပညာသင်နေတဲ့ မြန်မာနိုင်ငံသား လူငယ်တယောက် နိုဝင်ဘာ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ အိုဆာကာမြို့မှာ နေထိုင်တဲ့ ဂျပန်ဥပဒေဘွဲ့ရ ဦးအောင်မြတ်ဝင်းက DVB ကို ပြောပါတယ်။
“အခုတလော ရှင်ဂျုကု၊ တကာဒါနိုဘာဘာ၊ ရှိဘူယာ၊ ဆုဂါမိုနဲ့ ဂျူးဂျိုး စတဲ့ တိုကျိုမြို့က ဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းချမှု၊ သုံးစွဲမှုတွေနဲ့ ဆက်နွှယ်ပြီး မြန်မာလူငယ်တွေ ဖမ်းဆီးခံရလို့ ကျနော့်ကို ဆက်သွယ်လာတဲ့အမှုတွေ ပိုများလာတယ်။”
ဂျပန်မှာ နှစ်ရှည်နေထိုင်နေတဲ့ အမည်မဖော်လိုသူ အသက် ၆၀ အရွယ် မြန်မာအမျိုးသား တယောက်က “အရင်က ဂျပန်ရောက် မြန်မာတွေကြား သိပ်မကြားဖူးတဲ့ အခုလို မူးယစ်ဆေးဝါး အမှုတွေ အခုတလော ကြားနေရတယ်။ နယ်တွေတချို့မှာဆို တချို့မြန်မာတွေ ဆေးခြောက်ကို ကိုယ်တိုင် အိမ်ထဲမှာ ခိုးစိုက်ပျိုးပြီး သုံးစွဲနေ၊ ရောင်းချနေကြတဲ့သူတွေ ရှိတာကို မျက်မြင်တွေ့ခဲ့ဖူးတယ်” လို့ DVB ကို ပြောပါတယ်။
ဂျပန်ရဲစခန်းမှာ မြန်မာစကားပြန်အဖြစ် လုပ်ကိုင်နေသူ မြန်မာအမျိုးသားတယောက်ကလည်း သူ့အနေနဲ့ အခု တနှစ် ၂ နှစ်အတွင်း ဆေးခြောက်လို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး အဖမ်းခံရသူတွေကို စကားပြန်လုပ်ပေးရတာ များပြားလာတယ်လို့ DVB ကို ပြောပါတယ်။
ဦးအောင်မြတ်ဝင်းက “အခု အဖမ်းခံရတဲ့ ကျောင်းသားလေးက လက်ဝယ်တွေ့ပြီး ကိုယ်တိုင် သုံးစွဲတဲ့အမှု မဟုတ်ဘဲ ဖြန့်ချိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရတာဆိုတော့ တရားရုံးအထိ ရောက်နိုင်တယ်။ တရားရင်ဆိုင်ပြီးရင်လည်း ဂျပန်မှာ ဆက်လက်နေထိုင်ခွင့်အပေါ် ထိခိုက်လာနိုင်မယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ဒီဇင်ဘာလက ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားဦးရေ ၃၅,၀၄၉ ယောက် ရှိခဲ့ရာက အခု ၂၀၂၆ ဩဂုတ်လမှာ မြန်မာနိုင်ငံသား ၂ သိန်းကျော်အထိ ရှိလာကြောင်း ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ကြေညာထားပါသည်။











