
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂ အစည်းအဝေးအတွင်းမိန့်ခွန်းပြောကြားရာမှာ စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ နာမည်တွေကို ရေးထိုးထားတဲ့"Theater 21" ပဝါကို ကိုင်မြှောက်ပြသရင်း မျက်ရည်ကျတွေကျကာ မြန်မာပြည်သူတွေကို ကူညီပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက "ဒီပဝါဟာ ရိုးရိုးအထည်တစ မဟုတ်ပါဘူး။ စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ အမည်တွေကို ရေးထိုးထားတာ ဖြစ်ပါတယ်။ အငယ်ဆုံး ကလေးငယ်ဟာ အသက် ၂ လပဲ ရှိသေးသလို၊ အသက်အကြီးဆုံးကတော့ ၁၀၅ နှစ် ဖြစ်ပါတယ်။ ဒီပဝါပေါ်မှာ နောက်ထပ် အမည်သစ်တွေ ထပ်မံ မတိုးလာစေဖို့ ကျနော်တို့ အတူတကွ သေချာပေါက် တားဆီးရပါမယ်" လို့ အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ၈၁ ကြိမ်မြောက်အစည်းအဝေးရဲ့ တတိယကော်မတီ၊ ၂၉ ကြိမ်မြောက် အစည်းအဝေးအတွင်း "လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး" ခေါင်းစဉ်နဲ့ ဆွေးနွေးရာ သံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့တာပါ။
မိန့်ခွန်းပြောကြားစဉ်အတွင်း သံအမတ်ကြီးမျက်ရည်ကျခဲ့သလို အစည်းအဝေးတက်ရောက်လာ သူတချို့ပါ မျက်ရည်ကျခဲ့တာကိုလည်းတွေ့ရပါတယ်။











