
ဂျပန်နိုင်ငံကို သတ်မှတ်ကျွမ်းကျင်လုပ်သားအဖြစ် လာရောက်ခဲ့ပြီး တိုကျိုမြို့က MITSUYADO ခေါက်ဆွဲရာမင်ဆိုင်တဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၃၀ အရွယ် မြန်မာအမျိုးသမီးတယောက်ရဲ့ လစာထဲက ငွေအမြောက်အမြား ဖြတ်တောက်ခဲ့တဲ့အမှုမှာ တိုကျိုခရိုင်တရားရုံးက လုပ်ခနဲ့ နစ်နာကြေးအပါအဝင် ယန်း ၁ သန်းကျော် ပေးချေဖို့ အမိန့်ချခဲ့ပါတယ်။
ကုမ္ပဏီဘက်ကလုပ်ရပ်ကြောင့် မြန်မာအမျိုးသမီးဟာ နေ့စဉ်ဘဝကိုတောင် ပုံမှန် မရပ်တည် နိုင်လောက်အောင် ခက်ခဲခဲ့ရပြီး အလုပ်သမားတယောက်ရဲ့ လူ့ဂုဏ်သိက္ခာ၊ ကိုယ်ရေးဘဝနဲ့ဆိုင်တဲ့ အခြေခံအကျိုးစီးပွားကို ထိခိုက်စေခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ရှေ့နေ၊ ဂျပန်အလုပ်သမားသမဂ္ဂတို့နဲ့အတူ ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂမှ ဦးမြင့်ဆွေက “ကျနော်တို့ အလုပ်သမားသမဂ္ဂကို ဆက်သွယ်လာချိန်မှာ စားစရာနဲ့ မီး၊ ရေဖိုးတောင် မပေးနိုင်တဲ့အခြေအနေဖြစ်နေတာပါ။ ဒါပေမဲ့ သူမကို အလုပ်တွင်းအခြေအနေတွေ အချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်အောင် ကြံ့ကြံ့ခံပြီး အလုပ်လုပ်နိုင်ခဲ့တာက အခုလို ရလဒ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
မြန်မာအမျိုးသမီးဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ သတ်မှတ်ကျွမ်းကျင်လုပ်သားအဖြစ်နဲ့ တိုကျိုက နာမည်ကြီး ရာမင်ဆိုင်မှာ လစဉ်လစာ ယန်း ၂၅၀,၀၀၀ လောက်ရရှိဖို့ စာချုပ်ချုပ်ဆိုထားခဲ့ပေမဲ့ အလုပ်ရှင်ဘက်က နေအိမ်ငှားရမ်းရာမှာ ကုန်ကျခဲ့တဲ့ ကနဦးစရိတ် စတာတွေကို လစာထဲက ဖြတ်တောက်ခံခဲ့ရပြီး ကနဦးလစာ လုံးဝမရ ဖြစ်ခဲ့ပါတယ်။
ဒီဖြတ်တောက်မှုကြောင့် မြန်မာအမျိုးသမီးဟာ အနည်းဆုံးလိုအပ်တဲ့ အစားအသောက်ဝယ်ယူဖို့နဲ့ မီး၊ ရေ စတဲ့ အဖိုးအခတွေ ပေးချေဖို့တောင် အခက်အခဲဖြစ်ခဲ့တယ်လို့ တရားရုံးက ထောက်ပြ ခဲ့ပါတယ်။
အထူးသဖြင့် သူဟာ ဂျပန်နိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားအလုပ်သမားတယောက်ဖြစ်တာကြောင့် အလုပ်အကိုင်နဲ့ နေထိုင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေရှိတဲ့ အခြေအနေကိုပါ တရားရုံးက ထည့်သွင်းစဉ်းစားခဲ့တယ်လို့ တရားရုံးရဲ့ဆုံဖြတ်ချက်ချမှုကို ဦးမြင့်ဆွေက ရှင်းပြပါတယ်။
အလုပ်လုပ်ပြီး ရရှိသင့်တဲ့ လစာကို မရရှိတာကြောင့် အခြေခံစားဝတ်နေရေးတောင် ထိခိုက်လာတဲ့ အခြေအနေဟာ အလုပ်သမားတယောက်၊ လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ရေးဘဝနဲ့ဆိုင်တဲ့ ကာကွယ်သင့်သော အကျိုးစီးပွားကို ထိခိုက်စေတဲ့အဆင့်အထိ ရောက်ရှိခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ကာ နစ်နာကြေးယန်း ၄ သိန်းနဲ့ ကျန်ရှိတဲ့လစာငွေ ၆ သိန်း စုစုပေါင်းယန်း ၁ သန်း ပေးဆောင်ဖို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်မှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေဟာ ဂျပန်အလုပ်သမားဥပဒေအောက်မှာ ကာကွယ်မှု ရှိတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။
“အခုတလထည်းမှာတင် ကျနော်တို့အလုပ်သမားသမဂ္ဂကို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လုပ်ခမရတာတွေ၊ ၊လုပ်ငန်းခွင်တွင်း အနိုင်ကျင့်အကြမ်းဖက်ခံရတာတွေအပါအဝင် တိုင်တန်းထားမှု ၆၈ ခု ရှိနေပါတယ်။”
ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုးရှိ စိုက်ပျိုးရေးကုမ္ပဏီ MTagri ကိုလည်း မြန်မာနိုင်ငံသား ၆ ယောက်က လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ အကြမ်းဖက်မှုနဲ့ လစာအပါ မတရားငွေဖြတ်မှုတွေနဲ့ အခုလ စက်တင်ဘာလဆန်းပိုင်းက အမှုဖွင့်တရားစွဲဆိုထားပါတယ်။











