ယူကရိန်းက အိုင်ယာလန်ကို ဒရုန်းသဘောတူညီချက် ကမ်းလှမ်းခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။
အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် ဒဗ္ဗလင်မှာ အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ် မာတင်နဲ့အတူ ပြောချိန်မှာ ဇလန်းစကီးက ဒီအဆိုပြုချက်က ယူကရိန်းနဲ့ အိုင်ယာလန်ကုမ္ပဏီတွေက ဒရုန်းထုတ်လုပ်ရာမှာ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်ပြုပေးလိမ့်မယ်လို့ ပြောပါတယ်။
ယူကရိန်းလက်နက် ထုတ်လုပ်သူတွေဟာ ဝင်ငွေရဲ့ ရာခိုင်နှုန်းတခုကို နိုင်ငံတော်ကာကွယ်ရေး ရန်ပုံငွေထဲကို လွှဲပြောင်းပေးတဲ့ မူဘောင်အသစ်တခုအောက်မှာ ထုတ်ကုန်တွေနဲ့ အစိတ်အပိုင်းတွေကို တင်ပို့နိုင်တော့မယ်လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။
ယူကရိန်းအစိုးရက သူ့ရဲ့ ကြီးထွားလာတဲ့ လက်နက်လုပ်ငန်းအတွက် ရန်ပုံငွေရှာဖို့ ကြိုးစားနေတာပါ။
ဒီအစီအစဉ်မှာ အပြီးသတ် တပ်ဆင်ပြီးသား ကာကွယ်ရေးပစ္စည်းတွေကနေ ရတဲ့ငွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်မှုက ရတဲ့ငွေ ၃၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ယူကရိန်းဝန်ကြီးချုပ် ယူလီယာ ဆဗီရီဒန်ကိုက ဗုဒ္ဓဟူးနေ့မှာ X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ထုတ်လုပ်သူတွေက ယူကရိန်း ကာကွယ်ရေးအမိန့်တွေနဲ့ ပို့ကုန်စာချုပ်တွေကို တပြိုင်နက်တည်း ဖြည့်ဆည်းပေးနိုင်တဲ့ သူတို့ရဲ့စွမ်းရည်ကို သက်သေပြရမှာဖြစ်ပြီး အရေးကြီး ကုန်စည်စာရင်းမှာ ထည့်ထားတဲ့ ပစ္စည်းတွေအတွက်လည်း ကန့်သတ်ချက်တွေ ကျင့်သုံးမယ်လို့ သူက ပြောခဲ့ပါတယ်။
Source: Reuters










