ယူကရိန်းကို ယူရို ၄၅ ဘီလီယံ ချေးငွေအဆိုပြုချက် အီးယူခေါင်းဆောင်များ ထောက်ခံ
၂၀၂၇ ခုနှစ်မှာ ယူကရိန်းကို ယူရို ၄၅ ဘီလီယံ ချေးမဲ့ အဆိုပြုချက်ကို ဥရောပခေါင်းဆောင်တွေ အားတက်သရော ထောက်ခံတဲ့ ပုံစံပြမှုအတွက် ကျေးဇူးတင်တယ်လို့ အီးယူကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
ယူကရိန်းကို ချေးမဲ့ ယူရို ၄၅ ဘီလီယံကို အနာဂတ်မှာ ရုရှားက စစ်လျော်ကြေးအဖြစ် ပြန်ပေးမဲ့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။
ဘွန်ဒါလေယန်က “လက်ရှိ ချေးငွေပေးဖို့ စီစဉ်နေတာကိုကြည့်ရင် ဒီချေးငွေဟာ လာမဲ့နှစ် ဘဏ္ဍာရေး ကွာဟချက်ကို လျှော့ချပေးနိုင်မှာပါ။ ယူရို ဘီလီယံ ၂၀ က ထောက်ပံ့ငွေဖြစ်ပြီး ယူရို ၂၅ ဘီလီယံက စစ်ရေးလိုအပ်ချက်အတွက်ပါ။ ဒီဘတ်ဂျက်တွေက မရှိမဖြစ်သုံးရမဲ့ ကျောင်းတွေ၊ ဆေးရုံတွေ လည်ပတ်ဖို့လိုမျိုး မြို့ပြဝန်ဆောင်မှု လုပ်ဖို့ဖြစ်ပါတယ်။ စစ်ရေးထောက်ပံ့မှုကတော့ ယူကရိန်းက ကျူးကျော်မှုတွေကို သူတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းကို ၂၀၂၈ ခုနှစ်ကနေ ၂၀၃၄ ခုနှစ်အထိ ယူရို ၁ ဒသမ ၆ ထရီလီယံ နီးပါး ထောက်ပံ့မဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီးလည်း ဥရောပခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။
လာမဲ့နှစ်မှာ ဥရောပနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ လုပ်ဖို့ရှိတာကြောင့် အဲဒီမတိုင်မီ သဘောတူညီမှု ခိုင်မာအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ၅ နှစ်နီးပါး ရှိလာချိန်မှာ ယူကရိန်းကို ဘဏ္ဍာရေး ဆက်ပြီး ထောက်ပံ့ဖို့ အပါအဝင် အဓိကအချက်တွေကိုလည်း အလေးပေး ဆွေးနွေးခဲ့ပါတယ်။
ဥရောပဇုန်နိုင်ငံတွေက စပိန်နိုင်ငံဗဟိုဘဏ် အကြီးအကဲကို ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌသစ် နေရာအတွက် ရွေးချယ်ခဲ့ပါတယ်။
ဒါ့အပြင် အီးယူဟာ ရုရှားကို ၂၂ ကြိမ်မြောက် ဆန်းရှင်းချမဲ့ ကိစ္စကိုလည်း လာမဲ့အပတ်မှာ ဆက်ပြီးလုပ်ဆောင်မှာ ဖြစ်ပါတယ်။
Source: Reuters











