ကင်ညာနိုင်ငံ ရစ်ဖ်တောင်ကြားဒေသ နကူးရူခရိုင်၊ ဂစ်လ်ဂစ်လ်မြို့ရှိ အူတူးမိရှီး မိန်းကလေး အထက်တန်းကျောင်းမှာ အချိန် ၂ နာရီကျော်ကြာ လောင်ကျွမ်းခဲ့တဲ့ အိပ်ဆောင် မီးလောင်မှုကြောင့် ကျောင်းသူ ၁၆ ယောက် သေဆုံးကာ ၇၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက မေ ၂၈ ရက်မှာ ပြောပါတယ်။
မီးလောင်ချိန် အပေါ်ထပ်တွေမှာ ပိတ်မိနေတဲ့ ကျောင်းသူတချို့ဟာ လွတ်မြောက်ဖို့အတွက် ပြတင်းပေါက်တွေနဲ့ ဝရန်တာတွေလိုမျိုး အမြင့်ကနေ ခုန်ချခဲ့ကြတာကြောင့် ဒဏ်ရာရရှိသူ အများစုမှာ တင်ပဆုံရိုးကျိုးတာနဲ့ ခါးရိုးဆစ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
ဒဏ်ရာရကျောင်းသူ ၇၉ ယောက်ထဲက အများစုဟာ ဆေးရုံကနေ ပြန်ဆင်းသွားကြပြီး အခြေအနေ စိုးရိမ်ရတဲ့ ကျောင်းသူ ၇ ယောက်ကိုတော့ နိုင်ရိုဘီမြို့က အထူးကုဆေးရုံကို လွှဲပြောင်း ကုသပေးထားပါတယ်။
ကျောင်းသူတယောက်ကတော့ မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ကြားရှိတဲ့ ကျောင်းသူတွေဟာ တုန်လှုပ်ချောက်ချား ကြောက်လန့်နေကြပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်မှာ အနီးနားပတ်ဝန်းကျင်က ဒေသခံတွေဟာ ကလေးတွေရဲ့ အော်ဟစ်သံကို ကြားရတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်ခင် ရေခပ်ပြီး မီးကို ဝိုင်းငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုအပြီးမှာတော့ အိပ်ဆောင်တခုလုံး ပြာကျလောင်ကျွမ်းကာ ပျက်စီးသွားခဲ့ပါတယ်။ ပညာရေးဝန်ကြီး ဂျူးလိယပ်စ် မီဂိုစ်အိုဂမ်ဘာက သေဆုံးသွားတဲ့ ကျောင်းသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားသတ်မှတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ကစ်ပ်ချွန်ဘာ မာကိုမန် ကလည်း ကျောင်းကို လာရောက်စစ်ဆေးခဲ့ပြီး ဆေးရုံက ဒဏ်ရာရကျောင်းသူတွေကို သွားရောက်ကြည့်ရှုခဲ့ကာ ဒီမီးလောင်မှုအတွက် ပါဝင်ပတ်သက်သူ ဘယ်သူ့ကိုမဆို ထိရောက်စွာ အရေးယူပြီး တရားမျှတမှု ဖော်ဆောင်ပေးမှာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ထင်မြင်ချက်တွေ မပေးကြဖို့ တိုက်တွန်းထားပါတယ်။
ကျောင်းပြင်ပမှာတော့ စိတ်ပူသောကရောက်နေတဲ့ မိဘတွေ စုရုံးရောက်ရှိလာပြီး တာဝန်ရှိသူတွေဆီကနေ သူတို့သားသမီးတွေရဲ့ သတင်းအချက်အလက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
အာဏာပိုင်တွေက ကျောင်းတံခါးကို သော့ခတ်တားဆီးထားခဲ့လို့ မိဘတွေနဲ့ အချေအတင်ဖြစ်မှုတွေ ရှိခဲ့ပြီး နောက်ပိုင်းကျမှ တချို့ကို အထဲဝင်ခွင့်ပေးခဲ့ပါတယ်။
စိတ်ထိခိုက် ပူဆွေးနေတဲ့ မိသားစုဝင်တွေကို ကင်ညာကြက်ခြေနီအဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ရပါတယ်။
လက်ရှိအချိန်ထိ မီးလောင်ရတဲ့ အကြောင်းရင်းကို အစိုးရက အတည်မပြုနိုင်သေးပေမဲ့ ကျောင်းသူတယောက်က မွေ့ရာကို မီးရှို့ရာကနေ မီးစလောင်ခဲ့တာလို့ လွတ်မြောက်လာသူတချို့က ကယ်ဆယ်ရေးသမားတွေကို ပြောပြပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ ကင်ညာကျောင်းတွေမှာ မီးလောင်မှုဟာ ဖြစ်လေ့ဖြစ်ထရှိပြီး ၂၀၂၄ ခုနှစ် အတွင်းမှာတင် ဖြစ်စဉ်ပေါင်း ၁၀၀ ကျော် ရှိခဲ့ကာ ဒါဟာ တင်းကျပ်လွန်းတဲ့ စည်းကမ်းချက်တွေနဲ့ ဆိုးရွားတဲ့ ကျောင်းတွင်းအခြေအနေတွေကို ကျောင်းသားတွေက ဆန္ဒပြတဲ့အနေနဲ့ မီးရှို့ကြတာ အများစုဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
Source: Reuters










