
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်တပ်စစ်ကြောင်း အထိုင်ချတပ်စွဲသွားတဲ့ တောင်စုံကျေးရွာမှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း ၂၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေ့က သြဂုတ် ၂၄ ရက်မှာ ရှင်းလင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
မြိုင်အခြေစိုက်လက်နက်ကြီးတပ်ဖွဲ့ရဲ့ရဲဘော်တယောက်က “စစ်တပ်စစ်ကြောင်းက တောင်စုံရွာထဲကို အခုလ ၁၄ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၁၀ ရက်နီးပါးလောက် တပ်စွဲသွားတာပါ။ စစ်ကြောင်းထွက်သွားပြီး နောက်နေ့ ၂၄ ရက်နေ့မှာ ရွာထဲကို နယ်မြေရှင်းလင်းရေးတွေ ဝင်လုပ်တဲ့အခါ မြေကြီးတိမ်တိမ်လေးတူးပြီး ဖြစ်သလို မြေမြှုပ်ထားခဲ့တဲ့ စခ အလောင်းတွေ တွေ့တယ်။ ပုပ်ပွနံစော်နေလို့ အိတ်တွေနဲ့ ထည့်သယ်ပြီးမှ မီးရှို့ပေးခဲ့ရတယ်။ ကျနော်တို့ လုပ်ခဲ့ရတာတော့ ၁၆ လောင်းလောက်ရှိတယ်။ နောက်ထပ်လည်း ထပ်တွေ့ကြသေးလို့ မီးရှို့ပေးရပြန်သေးတယ်လို့တော့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
သြဂုတ် ၂၃ ရက်နေ့မှာတော့ အဆိုပါ စစ်တပ်စစ်ကြောင်းဟာ မြိုင်မြို့နယ်အနောက်ပိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ တောင်စုံကျေးရွာကနေ တဲကြီးကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
အဆိုပါစစ်တပ်စစ်ကြောင်း ဆက်လက်ထွက်ခွာနိုင်ဖို့အတွက် သြဂုတ် ၂၃ ရက်နေ့မှာ လေကြောင်းပစ်ကူ ၁ ကြိမ်၊ ၂၄ ရက်နေ့မှာ လေကြောင်းပစ်ကူ ၁၇ ကြိမ်၊ ၂၅ ရက်နေ့မှာ လေကြောင်းပစ်ကူ ၆ ကြိမ်၊ ၂၆ ရက်နေ့မှာ လေကြောင်းပစ်ကူအကြိမ် ၂၀ ကျော်နဲ့ အလွန်အကျွံ လေကြောင်းတိုက်ခိုက်တာတွေကို စစ်တပ်ဘက်က ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီ တောင်စုံရွာက ထွက်လာတဲ့ ၂၃ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်နေတာ။ အခု ၂၆ ရက်နေ့ ညနေခင်းမှာတော့ လေကြောင်းပစ်ကူတွေ အလွန်အကျွံသုံးပြီး ရှေ့ပြေးယာဥ်တန်းနဲ့အဖွဲ့က တဲကြီးရွာထဲ ရောက်သွားပြီ။ နောက်ကအဖွဲ့ကတော့ လမ်းမှာပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းကြောင့် မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားမှာရှိကြတဲ့ ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရှောင်ဇုန်အဖြစ် သတ်မှတ်ထားတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
စစ်တပ် စစ်ကြောင်းရှေ့ပြေးအဖွဲ့ ရောက်ရှိသွားတဲ့ အဆိုပါ တဲကြီးကျေးရွာအပါအဝင် အနီးဝန်းကျင်တွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ တရက်တည်းမှာ ၁၆ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် တဲကြီးကျေးရွာက လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။
သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေ လေကြောင်းတိုက်ခိုက်ခံရတဲ့ မြေပြင် ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။











