
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားပိုင်ဆိုင်မှု အခြေအနေဟာ နောက်ပြန်လှည့်လို့ မရတော့ဘူး လို့ ဇွန် ၁၄ ရက် မြောက်ကိုရီးယားဘက်က ထုတ်ပြန်ပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ကိုယ်စားလှယ်တွေ တိုကျိုမြို့မှာ တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေး တောင်းဆိုခဲ့တာကို မြောက်ကိုရီးယားက အခုလို ငြင်းပယ် လိုက်တာဖြစ်ပါတယ်။
နျူကလီးယား ဖျက်သိမ်းရေးဆိုတာဟာ လုံးဝ ပြီးဆုံးသွားတဲ့ ကိစ္စဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံကလည်း နျူကလီးယား လက်နက်ပိုင်ဆိုင်မှုဟာ ဆုတ်ခွာရမယ့် လမ်းစဉ်မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။
အမေရိကန်က တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို လက်နက်တွေ ရောင်းချနေတာကြောင့် မိမိတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ခိုင်မာတဲ့ အာမခံချက်ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၁၉ ခုနှစ် ဟနွိုင်းထိပ်သီးအစည်းအဝေး ပျက်ပြားသွားပြီးနောက်ပိုင်း နျူကလီးယားအစီအစဉ်ကို ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာခဲ့တာပါ။
မကြာသေးခင်က ကင်မ်ဂျုံအန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပေမဲ့ နျူကလီးယားဖျက်သိမ်းရေးကိစ္စကိုတော့ နှစ်ဖက်စလုံးက ပြောဆိုခဲ့ခြင်း မရှိပါဘူး။
Source:Reuters










