
Binance ပလက်ဖောင်းကနေ ဒေါ်လာ ၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ခရစ်ပတိုငွေကြေးပိုင်ဆိုင်မှုတွေ ခိုးယူခံရတဲ့ အမှုမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အမေရိကန် ဖယ်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) ရဲ့ ထုတ်ပြန်ချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက ငြင်းဆိုလိုက်ပြီး အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့ လိုတယ်လို့ သူ မရှုမြင်ဘူးလို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားအာဏာရပါတီရဲ့ ဒါရိုက်တာ ကင်မ်ယိုဂျုံက FBI ရဲ့ စွပ်စွဲချက်ဟာ မြောက်ကိုရီးယား အပေါ် အမေရိကန်ရဲ့ "ရန်လိုတဲ့ မူဝါဒ" ကို ဖော်ပြနေတယ်လို့ ပြောတဲ့အကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က နိုဝင်ဘာ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကင်မ်ဂျုံအန်းတို့အကြား ဒီလနှောင်းပိုင်းမှာ ထိပ်သီးအစည်းအဝေးတခု ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာ ကင်မ်က အမေရိကန်နဲ့ ဆွေးနွေးဖို့ ငြင်းဆိုလိုက်တာပါ။
ဒါ့အပြင်သူက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အမေရိကန်ရဲ့ တောင်းဆိုမှုတွေနဲ့ မြောက်ကိုရီးယားနိုင်ငံလည်း ပါနေတဲ့ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု အခြေအနေတွေအပေါ် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာကိုလည်း ဝေဖန်ပြောဆိုခဲ့ ပါတယ်။
Source: Reuters











