
မြောက်ကိုရီးယားဟာ ဒီဇိုင်းသစ်နဲ့ တီထွင်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ကို စမ်းသပ်ပစ်ခတ်ခဲ့သလို ခရုစ်ဒုံးကျည် တိုက်ခိုက်မှု လေ့ကျင့်ခန်းကိုလည်း နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီစမ်းသပ်မှုဟာ ဒုံးကျည်မှာ အသုံးပြုထားတဲ့ ပစ္စည်းအသစ်တွေနဲ့ လမ်းညွှန်စနစ်အမျိုးမျိုးရဲ့ နည်းပညာဆိုင်ရာ အချက်အလက်နဲ့ ယုံကြည်စိတ်ချရမှုကို အတည်ပြုနိုင်ခဲ့သလို ပစ်မှတ်တွေကို ခွဲခြားဖော်ထုတ်ပြီး နောက်ယောင်ခံလိုက်နိုင်တဲ့ စနစ်ရဲ့ စွမ်းဆောင်ရည်ကိုပါ သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်ကတော့ စောစောစီးစီး ရရှိထားတဲ့ အချက်အလက်တွေအရ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အမျိုးအစား မတူညီတာတွေ ဖြစ်နိုင်ပြီး ဆိုးလ်နဲ့ ဝါရှင်တန်တို့က အဲဒီပစ်ခတ်မှုကို ဆက်လက် ဆန်းစစ်လေ့လာနေဆဲဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုအပေါ် တောင်ကိုရီးယားဘက်က အသေးစိတ် အချက်အလက်တွေကို ဘာကြောင့် ထပ်မံထုတ်ပြန်ခြင်း မရှိသလဲ ဆိုတဲ့ မေးခွန်းကို သတင်းစာရှင်းလင်းပွဲမှာ အဲဒီတာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











