
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဒုတပ်စိတ်မှူး အဆင့်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇွန် ၈ ရက်က အလင်းဝင်ရောက်လာတယ်လို့ မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) က ဇွန် ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ငဖဲအခြေစိုက် အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) လက်အောက်ခံ ခမရ ၅၆၂ ထဲမှာ မတရားပေါ်တာဆွဲခံ ရပြီး စစ်မှုထမ်းနေရတဲ့ ဒုတပ်စိတ်မှူးအဆင့်သူ ကိုအောင်မင်းဦးက ကျနော်တို့တပ်ရင်းကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတာပါဗျ” လို့ ပြောပါတယ်။
ကိုယ်ပိုင်အမှတ် ပစ/၁၈၀၂၂၃ ဒုတပ်စိတ်မှူးအဆင့်ရှိသူ အောင်မင်းဦးဟာ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၃၂၈ တောင့်၊ ကျည်အိမ် ၇ ခုနဲ့ Amour ၁ စုံတို့ ယူဆောင်ပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) ရဲ့တာဝန်ရှိသူတယောက်က “သူ့ဇာတိက မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ထဲကပါ။ အလုပ်သွားရင်းလမ်းမှာ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်း နေရသူပါ။ သူ့မိသားစုဆီပြန်မလား၊ ကျနော်တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို ပြန်တိုက်မလားဆိုတာ တော့ သူစဥ်းစားနေပါတယ်” လို့ DVB ပြောပါတယ်။
လက်နက်ခဲယမ်းတွေယူဆောင်ပြီးအလင်းဝင်လာတဲ့ ကိုအောင်မင်းဦးကို လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့ စီစဥ်ဆောင်ရွက်ပေးထားပြီး ဆုကြေးငွေပေးအပ်ဖို့လည်း စီစဥ်ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ ကျန်ရှိနေသေးတဲ့ စစ်တပ်လက်အောက်ခံတွေအနေနဲ့လည်း အမြန်ဆုံးအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့နဲ့ အလင်းဝင်ရောက်လာသူတွေအတွက် လူ့အခွင့်အရေးအပြည့်အဝရရှိစေဖို့ တာဝန်ယူတယ်လို့ မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) က တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။










