
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရောင်းစားခဲ့ကြတဲ့ တပ်ကြပ်ကြီး ရဲမင်းကျော်နဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် ဟိန်းဇော်၊ နေသူအောင်တို့ကို အောက်တိုဘာ ၂၄ ရက်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီက လှိုင်ရတနာမြို့သစ် စီမံကိန်းမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတယောက်ကို စစ်တပ်က တပ်ကြပ်ကြီး အပါအဝင် ၃ ယောက်က ရိုက်နှက်ဖမ်းဆီးပြီး ကားနဲ့ ခေါ်ဆောင်သွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
"အလုပ်ကနေ ပြန်လာတဲ့အချိန် လမ်းမှာ စစ်သားတွေက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းခေါ်သွားတာ။ CCTV မှတ်တမ်းနဲ့ ရဲစခန်းကို သွားတိုင်တော့ ရဲစခန်းက အမှုမဖွင့်ပေးလို့ ကုမ္ပဏီဘက်က တိုင်းမှူးကို တိုက်ရိုက်တိုင်လိုက်မှ ပေါ်တာဆွဲခံရတဲ့သူလည်း ပြန်လွတ်လာတယ်။ ပေါ်တာဆွဲတဲ့ အဖွဲ့လည်း အဖမ်းခံရတယ်။”
ကုမ္ပဏီဘက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီ တိုက်ရိုက် တိုင်ကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ကိုမြင့်ဦး ပြန်လည်လွတ်မြောက်လာ ပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူတွေဟာ အမှတ် (၅) ဆက်သွယ်ရေး အလုပ်ရုံမှ တပ်ကြပ်ကြီး ရဲမင်းကျော်နဲ့ ပြည်သူ့စစ် ဌာနေအဖွဲ့ဝင် ဟိန်းဇော်နဲ့ နေသူအောင်တို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပြပါတယ်။
"လူတယောက်ကို ကျပ်သိန်း ၁၀၀ ကျော်လောက်ရနေတော့ မွန်ပြည်နယ်မှာ စစ်သားနဲ့ ရဲတွေက ပေါ်တာဆွဲပြီး ရောင်းစားတဲ့ အလုပ်ပဲ လုပ်တော့တယ်။ လွတ်ရင် စံမယ်၊ မိရင် ခံမယ်ဆိုတဲ့ သဘောပါ။ ရဲကလည်း စစ်တပ်နဲ့ ပုလင်းတူ ဘူးဆို့ပါပဲ။ အဲဒီကိစ္စနဲ့ မော်လမြိုင် ရဲစခန်းလည်း စစ်ဆေးခံနေရတယ်။”
လက်ရှိမှာတော့ တပ်ကြပ်ကြီး ရဲမင်းကျော်၊ ပြည်သူ့စစ် ဌာနေအဖွဲ့ဝင် ဟိန်းဇော်နဲ့ နေသူအောင်တို့ကို စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။
စက်တင်ဘာ ၁၀ ရက်ကလည်း မွန်ပြည်နယ်တရားလွှတ်တော်ရုံးက သန့်ရှင်းရေးဝန်ထမ်းကို ရောင်းစားခဲ့တဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
အလားတူ ဇွန် ၁၉ ရက်ကလည်း စစ်အာဏာရှင် ဩဇာခံ မွန်ပြည်နယ် လွှတ်တော်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သားတယောက်ကို ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းမှာ ရောင်းစားခဲ့တဲ့ စစ်တပ်မှ ဒုတပ်ကြပ် တင်သန်း အပါအဝင် ၃ ယောက်ကို ဖမ်းဆီခဲ့ပါတယ်။











