DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ရှောင်များ အလုပ်လုပ်ခွင့်ပါမစ် မလိုဘဲ ၂ နှစ်အထိ အလုပ်လုပ်ခွင့်ရမည်
မောရစ်
·
November 9, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အလုပ်လုပ်ခွင့်ပါမစ် (Work Permit) လျှောက်ထားစရာ မလိုဘဲ ၂ နှစ်အထိ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီး နိုင်းကျူလာဖန်း အမွန်ဝိဝပ်က မြန်မာစစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း တိုးချဲ့ပေးမဲ့ အစီအမံကို နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုမူဝါဒကော်မတီ အစည်းအဝေးအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။

သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ စစ်ဘေးရှောင်တွေဟာ ပုံမှန်အလုပ်လုပ်ခွင့်ပါမစ် (Work Permit) လျှောက်ထားရယူစရာ မလိုဘဲ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပြီး၊ ခွင့်ပြုချက်ကာလကိုလည်း အရင် ၁ နှစ်ကနေ ၂ နှစ်အထိ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။

ဒီလုပ်ကိုင်ခွင့်ဟာ နယ်စပ်စခန်းတွေမှာ တရားဝင် စာရင်းဝင်ထားသူတွေပဲ ရရှိမှာဖြစ်ပြီး၊ စခန်းတည်ရှိရာ ခရိုင်တွင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြေခံ ကာယအလုပ်တွေမှာပဲ ကန့်သတ် ခွင့်ပြုမှာပါ။

လုပ်ကိုင်သူတွေ အနေနဲ့ ခရိုင်အလုပ်သမားရုံးမှာ အလုပ်ရှင်နဲ့ နေရပ်လိပ်စာ မှတ်ပုံတင်ရမှာ ဖြစ်သလို ရာဇဝတ်မှုနဲ့ လုံခြုံရေးစည်းကမ်း ဖောက်ဖျက်မှု ကင်းရှင်းရမယ်လို့လည်း ထိုင်းအစိုးရက သတ်မှတ်ထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီး နိုင်းကျူလာဖန်းက “ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနဘက်က တင်ပြတောင်းဆိုလာတဲ့ကိစ္စ ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေကို အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်း ပေးမဲ့ကိစ္စ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ မှန်ကန်ပြည့်စုံစွာ ဆောင်ရွက်နိုင်ဖို့အတွက် အသေးစိတ် အချက်အလက်တွေကို တင်ပြခဲ့ပါတယ်။ ယာယီခိုလှုံရာစခန်း တည်ရှိရာ ခရိုင်အတွင်းမှာ သီးခြား အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မလိုဘဲ အလုပ်လုပ်ခွင့်ပြုဖို့နဲ့ အလုပ်လုပ်ခွင့်ကာလကို ၁ နှစ်ကနေ ၂ နှစ်အထိ တိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီလိုဒုက္ခသည်တွေကို စောင့်ရှောက်ရတဲ့ အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးသလို သူတို့အနေနဲ့လည်း လုပ်သားဈေးကွက်ထဲ တရားဝင် ဝင်ရောက်နိုင်ခွင့် ရရှိစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်နယ်မြေပြင်ပမှာ အလုပ်လုပ်မယ် ဆိုရင်တော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်" လို့ ပြောဆိုပါတယ်။

ဒီမူဝါဒအသစ်ဟာ စစ်ပွဲကြောင့် စာရွက်စာတမ်းမပါဘဲ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေအတွက် မြန်မာ စစ်အာာဏာရှင်ရဲ့ သန်းခေါင်စာရင်း၊ ၂၅ ရာခိုင်နှုန်း လွှဲငွေဖြတ်တောက်မှု စတဲ့ စာရွက်စာတမ်း ဖိအားတွေကနေ ကင်းလွတ်စေမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ဘေးရှောင်တွေကို နှစ်ရှည်ထောက်ပံ့နေရတဲ့ ထိုင်းအစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ဖို့၊ စခန်းကနေ ခိုးထွက်လုပ်ကိုင်ရာက ကြုံတွေ့ရတဲ့ လုပ်ခခေါင်းပုံဖြတ်ခံရမှုတွေကို တားဆီးဖို့နဲ့ နယ်စပ်လုပ်ငန်းရှင်တွေရဲ့ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရှင်းပြထားပါတယ်။

လက်တွေ့မြေပြင်မှာတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို စခန်းတွေထဲကနေ အပြင်ထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ပြုတဲ့ အလေ့အထဟာ အရင်ကတည်းက ဒေသန္တရ အစီအစဉ်တွေနဲ့ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။

မယ်ဟောင်ဆောင်ဘက်က စစ်ဘေးရှောင်စခန်းတွေနဲ့ မဲဆောက်ဘက်က ဒုက္ခသည်စခန်းတွေမှာလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ယာယီခွင့်ပြုချက်တွေနဲ့ စစ်ရှောင်တွေဟာ အပြင်ထွက်ပြီး ခြံစိုက်ခင်းတွေ၊ ဒေသခံလုပ်ငန်းတွေမှာ နေ့စားအဖြစ်ရော၊ ရာသီအလိုက်ပါ တရားဝင်သဘောမျိုး သွားရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ရှောင်တွေဟာ ဘာသာစကား မကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွေ့အကြုံမရှိတဲ့အတွက် ထိုင်းအစိုးရက သတ်မှတ်တဲ့ နေ့စားခ ဘတ် ၃၀၀ နဲ့ ၄၀၀ ကြား ရမဲ့အစား တနေ့ကို နေ့စားခ ဘတ် ၂၀၀ ကျော်ပဲ ရကြတယ်လို့ အလုပ်သမားရေး ကူညီနေသူတွေက ဆိုပါတယ်။

အလုပ်သမားရေး ကူညီနေသူတယောက်က “ထိုင်းအလုပ်ရှင်တွေက စခန်းတွေထဲလာပြီး အလုပ်လာခေါ်နေတာတွေ ရှိပါတယ်။ နယ်စပ်ကနေ ဘန်ကောက်ထိ သွားလုပ်နေတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စခန်းထဲထိ လာခေါ်တဲ့အချိန် ပြောတဲ့ နေ့စားခနဲ့ တကယ် လုပ်ငန်းခွင်ရောက်သွားရင် စကားမတတ်လို့ အလုပ်မကျွမ်းလို့ဆိုပြီး ပြန်ဖြတ်တဲ့အခါ ဘယ်လိုမှမကိုက်လို့ ပြန်လာရတာတွေလည်း ရှိပါတယ်။ တနေ့ကို ဘတ် ၂၀၀ ကျော်နဲ့က ဘယ်လိုမှ ရပ်တည်လို့မရပါဘူး” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီနဲ့ ရာချာဘူရီ ခရိုင် ၄ ခုအတွင်းက ယာယီဒုက္ခသည်စခန်း ၉ ခုမှာ မှတ်ပုံတင်ထားတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည် ၉၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ နယ်စပ်ဒေသ ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီစခန်းတွေဆီ နိုင်ငံတကာ အလှူရှင်တွေရဲ့ အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ဆက်တိုက် လျော့ကျလာတာကြောင့် စစ်ဘေးရှောင် အများစုဟာ စခန်းပြင်ပကို ထွက်ပြီး ဝင်ငွေရှာဖွေဖို့ မဖြစ်မနေ တွန်းပို့ခံနေရတာ ဖြစ်ပါတယ်။

အခုအခါ ထိုင်းဗဟိုအစိုးရကနေ Work Permit မလိုဘဲ တရားဝင် ၂ နှစ်အထိ အလုပ်လုပ်ခွင့် ကာလတိုးမြှင့်ပေးဖို့ စီစဉ်လာတာဟာ အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပေမဲ့၊ လက်တွေ့မြေပြင်မှာတော့ စစ်ဘေးရှောင်တွေအနေနဲ့ တရားဝင် အနိမ့်ဆုံး လုပ်ခလစာ အပြည့်အဝ ရရှိရေး၊ လူမှုဖူလုံရေး ဆေးကုသခွင့်နဲ့ နယ်မြေကန့်သတ်ချက် ပြင်ပကို အလုပ်သွားရောက် လုပ်ကိုင်ရာမှာ ကြုံတွေ့ရမဲ့ လုံခြုံရေးဆိုင်ရာ အကာအကွယ်တွေရရှိဖို့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013