DVB Logo
Home
Lead Story
ပညာရှင်တဦးဟာ မြန်မာပြည်ရှိ တရုတ်အကျိုးစီးပွားအတွက် မြေစာပင် ဘယ်လိုဖြစ်ခဲ့ရသလဲ
DVB
·
September 8, 2026
ပညာရှင်တဦးဟာ မြန်မာပြည်ရှိ တရုတ်အကျိုးစီးပွားအတွက် မြေစာပင် ဘယ်လိုဖြစ်ခဲ့ရသလဲ
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်က မြန်မာ-အမေရိကန်ပညာရှင် ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနန်ပြည်နယ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူဟာ အဲဒီမှာ ပညာရပ်ဆိုင်ရာ ညီလာခံတခုကို တက်ရောက်ဖို့ ရှိနေတာပါ။

ဇွန် ၁၂ ရက်နေ့၊ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင် တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ် မလာရောက်မီလေးမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ဦးမင်းဇင်ကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့ကို တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှုနဲ့ စွပ်စွဲထားပါတယ်။ ဒါပေမဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဩဂုတ် ၂၀ ရက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးမင်းဇင်ကို “မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ” အဖြစ် တရားဝင် သတ်မှတ်လိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒိုင်လန် ဂျွန်ဆင် ကလည်း ဒီကိစ္စကို ကတိပြု ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ “ဦးမင်းဇင်အတွက် ဆက်လက် တောင်းဆိုပေးသွားမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ မတရား ဖမ်းဆီးခံထားရတဲ့ (သို့မဟုတ်) နိုင်ငံပြင်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုသွားမယ်” လို့ ဆိုပါတယ်။

ဦးမင်းဇင်ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ဆိုတဲ့ သုတေသနအဖွဲ့တခုကို ဦးဆောင်နေသူပါ။ ဒီအဖွဲ့ဟာ မြန်မာစစ်အာဏာရှင်အစိုးရနဲ့ သူတို့အာဏာရလာစေတဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဝေဖန်ထောက်ပြနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်တဲ့ ဦးမင်းဇင် ဖမ်းဆီးခံရမှုကို အပေါ်ယံကြည့်ရင် စက်တင်ဘာလမှာ ကျင်းပမဲ့ ရှီကျင့်ဖျင်နဲ့ ဒေါ်နယ်ထရမ့်ပ်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်နဲ့ အလားအလာရှိတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် ဓားစာခံ သံတမန်ရေးရာ ကစားကွက်တခု၊ အသာစီးရဖို့ ကြိုးပမ်းချက်တခုလို့ ထင်စရာရှိပါတယ်။

ဒါပေမဲ့ တရုတ်က ဦးမင်းဇင်ကို ဖမ်းဆီးရတဲ့ အကြောင်းရင်းအမှန်က မြန်မာနိုင်ငံနဲ့ ပိုပြီး သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှ စီးပွားရေး မဟာဗျူဟာအတွက် အရေးပါတဲ့ မြန်မာနိုင်ငံတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် တည်ငြိမ်မှု ပျက်ပြားစေမဲ့ အကြောင်းရင်းတွေကို ဖယ်ရှားချင်နေတာပါ။ လက်ရှိမှာကိုပဲ ဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့ အခြေခံအုတ်မြစ်က မခိုင်မာဘဲ ယိမ်းယိုင်နေလို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ အဓိက မဟာဗျူဟာ အကျိုးစီးပွားတွေကတော့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ သူတို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံရေးနဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးကျွန်ပြုနေတဲ့ အွန်လိုင်းငွေလိမ်လည်မှု စင်တာတွေကို ပိတ်သိမ်းရေးတို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ရရှိဖို့အတွက် တရုတ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ထောက်ခံပေးထားပါတယ်။ တရားမဝင် အစိုးရသစ် (စစ်ကောင်စီ) ကို စီးပွားရေး အကူအညီ ဒေါ်လာ ၃ ဘီလီယံ ပေးအပ်ခဲ့သလို စစ်လက်နက်တွေလည်း ရောင်းချပေးခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း သံတမန်ရေးအရ ဖိအားပေးလေ့ ရှိပါတယ်။ တရုတ်ရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ကာကွယ်ဖို့နဲ့ နေပြည်တော်က စစ်ခေါင်းဆောင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းဖို့ တရုတ်က ဝန်လေးနေမှာ မဟုတ်ပါဘူး။ တကယ်လို့ လူတယောက် ဒါမှမဟုတ် အဖွဲ့အစည်းတခုခုက မြန်မာနိုင်ငံက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်နေတယ်လို့ ယူဆရင် တရုတ်ဟာ အတင်းအကျပ် ဖမ်းဆီးထိန်းသိမ်းတာ အပါအဝင် သူတို့ရဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုဖို့ အဆင်သင့်ရှိသလို အသုံးပြုနိုင်စွမ်းလည်း ရှိပါတယ်။

တရုတ်နိုင်ငံဟာ မကြာသေးခင်ကမှ ရွေးကောက်တင်မြှောက်ထားတဲ့ တရားမဝင် စစ်အာဏာရှင်အစိုးရသစ်ရဲ့ တည်ငြိမ်မှုကို အထူးသဖြင့် ကာကွယ်ချင်နေပါတယ်။ ဒီရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံထားရပေမဲ့ အမည်ခံ အရပ်သားလွှတ်တော်ဟာ စစ်ကောင်စီ လုပ်လို့မရတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးတာ၊ သဘောတူညီချက်တွေ ညှိနှိုင်းတာတွေကို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ အရပ်သား အုပ်ချုပ်ရေးဆိုတဲ့ အပေါ်ယံ အခွံလေးက တရုတ်ရဲ့ စီမံကိန်းတွေကို အဆင်ပြေပြေ ဆက်လက် လည်ပတ်နိုင်စေပါတယ်။ ပြီးတော့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ခဲ့ရင်တောင် တရုတ်အတွက် ဥပဒေအရ အသာစီးရနိုင်မဲ့ အခွင့်အရေးကို ဖန်တီးပေးထားပါတယ်။

ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) ကို စတင်ခဲ့ကတည်းက မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ စီးပွားရေး မဟာဗျူဟာအတွက် အဓိက သော့ချက် ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဟာ အရမ်းကို အရေးကြီးပါတယ်။ ဒီစင်္ကြံက တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ပေးထားပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးမှု နည်းပါးသေးတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွေ အတွက်လည်း အလွန်လိုအပ်နေတဲ့ စီးပွားရေး တွန်းအားကို ပေးစွမ်းနိုင်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ နည်းပညာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ အရေးပါမှုက တရုတ်အတွက် ပိုပြီး ကြီးမားလာပါတယ်။ တရုတ်နိုင်ငံဟာ သူတို့ရဲ့ ကာကွယ်ရေးနဲ့ သန့်စင်စွမ်းအင် လိုအပ်ချက်တွေအတွက် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ကနေ မြေရှားသတ္တုတွေကို ရယူနေပါတယ်။ ဒီလို သတ္တုထုတ်ယူရာမှာ မြေကြီးထဲက တန်ဖိုးကြီး ဒြပ်စင်တွေကို ခွဲထုတ်ဖို့ အဆိပ်သင့် ဓာတုပစ္စည်းတွေကို အသုံးပြုရပါတယ်။ ဒေသခံတွေကတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ဆက်တိုက် ဖျက်ဆီးနေတဲ့အပေါ် ဒေါသတကြီးနဲ့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သတင်းတွေအရတော့ ဒီလို သတ္တုတူးဖော်မှုတွေက ဆက်ပြီး လည်ပတ်နေဆဲပါပဲ။

တရုတ်ရဲ့ မြေရှားသတ္တု တူးဖော်မှုတွေဟာ ရေအရင်းအမြစ်တွေကို ခြိမ်းခြောက်နေပြီး သူတို့ရဲ့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အန္တရာယ်ရှိနေတယ်လို့ ကချင်ပြည်နယ် ဒေသခံတွေက စွပ်စွဲထားကြပါတယ်။ သတ္တုတွင်း အများအပြားဟာ အရပ်သားတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းစေခဲ့ပြီး သူတို့ရဲ့ လုပ်ငန်းတွေအတွက် စစ်အာဏာရှင်ဆီကနေ ဘဏ္ဍာရေး အထောက်အပံ့တွေ ရယူနေတယ်လို့ ကုလသမဂ္ဂကလည်း အစီရင်ခံထားပါတယ်။ Frontier Myanmar သတင်းဌာနရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်ကစပြီး တရုတ် သတ္တုတွင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကို ပုံမှန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြည်သူလူထုရဲ့ ဆန့်ကျင်မှုတွေက လက်တွေ့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ တရုတ်က စစ်အာဏာရှင်ကို ထောက်ခံနေတဲ့အပေါ် ဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့တဖွဲ့က တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ မြန်မာနဲ့ တရုတ် အစိုးရတို့ဟာ တရုတ် စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ပူးပေါင်းလုံခြုံရေး ကုမ္ပဏီတခု ဖွဲ့စည်းဖို့ အတူတကွ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်စီမံကိန်းတွေကို ဆန့်ကျင်မှုတွေကြောင့် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ များပြားလှတဲ့ ဓနဥစ္စာတွေအတွက် အန္တရာယ် ရှိလာနေပါတယ်။ အကယ်၍ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေသာ ရပ်တန့်သွားခဲ့ရင် တရုတ်ဟာ အရေးပါတဲ့ ဓာတ်သတ္တု အမြောက်အမြားကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတွင်း ကာကွယ်ရေးနဲ့ တခြား အဆင့်မြင့် နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မဲ့ တရုတ်ရဲ့ ရည်မှန်းချက်တွေကို ထိခိုက်စေပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွားတွေဟာ အရေးပါတဲ့ ဓာတ်သတ္တုတွေ တခုတည်းတင် မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေဟာ ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ကျောက်ဖြူမြို့မှာ ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံပေါင်း ကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ သဘောတူထားတဲ့ ဒီဆိပ်ကမ်းဟာ တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာဆီ တိုက်ရိုက် ထွက်ပေါက်တခု ရရှိစေမှာပါ။

ဒါကြောင့် ရေနံနဲ့ တခြား အရေးကြီးတဲ့ ကုန်စည်တွေ တင်ဆောင်လာတဲ့ သင်္ဘောတွေဟာ မလက္ကာရေလက်ကြားကို ရှောင်ကွင်း သွားလာနိုင်ပါလိမ့်မယ်။ မလက္ကာ ရေလက်ကြားဟာ နိုင်ငံတကာရေကြောင်းကုန်သွယ်မှုရဲ့ ၂၂ ရာခိုင်နှုန်းကျော် ရှိပါတယ်။ တကယ်လို့ တရုတ်ပါဝင်တဲ့ ပဋိပက္ခ တခုခုသာ ဖြစ်လာခဲ့ရင် ရန်သူတွေက တရုတ်ရဲ့ စီးပွားရေးနဲ့ ကာကွယ်ရေး ဖြန့်ကြက်မှုတွေကို ထိခိုက်စေဖို့ အဲဒီရေလက်ကြားကို ပိတ်ဆို့လိုက်မှာကို တရုတ်က စိုးရိမ်နေပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLAN) သင်္ဘောတွေ စုဝေးရာ နေရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အရင်က ပညာရှင်တွေက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဥပဒေ ကန့်သတ်ချက်တွေကြောင့် တရုတ်ရေတပ်သင်္ဘောတွေ ချထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိ နေပြည်တော် (စစ်အာဏာရှင်) အပေါ်မှာ တရုတ်က ဘဏ္ဍာရေးနဲ့ နိုင်ငံရေးအရ အသာစီး ရနေတဲ့အတွက် တရုတ်သာ ဖြစ်ချင်ရင် ဖြစ်လာမှာ သေချာပါတယ်။

ဆိပ်ကမ်းနဲ့ ဆက်စပ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကြောင့် လယ်သမားတွေနဲ့ တံငါသည်တွေ အများစု ပါဝင်တဲ့ ခန့်မှန်းခြေ လူ ၂၀,၀၀၀ လောက်ဟာ သူတို့ရဲ့ မြေယာတွေ ဆုံးရှုံးပြီး နေရာရွှေ့ပြောင်းခံရဖို့ ရှိနေပါတယ်။ လယ်သမားတွေကတော့ ဒေသန္တရ အစိုးရနဲ့ တိုင်ပင်ဆွေးနွေးမှု မရှိတာကို ဒေါသထွက်နေကြပါတယ်။ ပြီးတော့ အထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းဟာ ဒေသခံတွေကို အလုပ်မခန့်ဘဲ တရုတ် အလုပ်သမားတွေကိုပဲ ခေါ်သွင်းလာမယ်လို့ သူတို့က ယုံကြည်နေကြပါတယ်။ တကယ်လို့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကြောင့် စီမံကိန်းတွေ ရပ်တန့်သွားတာ ဒါမှမဟုတ် ပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တရုတ်အလုပ်သမားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာမယ်ဆိုရင် တရုတ်နဲ့ မြန်မာ အစိုးရတို့ဟာ ဒေါ်လာ ဘီလီယံချီပြီး ဆုံးရှုံးရမှာ ဖြစ်သလို တရုတ်အနေနဲ့လည်း မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းတခုကို အသုံးပြုခွင့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

ဦးမင်းဇင်လို မြန်မာတက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေဟာ မြန်မာနိုင်ငံတွင်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အဲဒီစီမံကိန်းတွေရဲ့ ဆိုးကျိုးတွေကိုပါ ပြည်သူတွေ သိအောင် အသိပေးနေတဲ့ အဓိက အချက်အချာနေရာမှာ ရှိနေကြပါတယ်။ တကယ်တော့ ဦးမင်းဇင်ရဲ့ ISP-Myanmar အဖွဲ့ဟာ အာရှဒေသတွင်းက တရုတ်ရဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေကို မြေပုံဆွဲပြီး လေ့လာစောင့်ကြည့်နေတဲ့ 'China Desk' ကို သီးသန့် ဖွင့်လှစ်ထားတာပါ။ အထူးသဖြင့် ကချင်ပြည်နယ်မြောက်ပိုင်းက တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ ကျောက်ဖြူ စီမံကိန်းတွေကို အဓိကထား ဖော်ပြနေတာ ဖြစ်ပါတယ်။

ဦးမင်းဇင်တို့ အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်မှုနဲ့ သုံးသပ်ချက်တွေဟာ သာမန်အားဖြင့် အန္တရာယ်မရှိသလို ပြည်သူတွေ ကြောက်လန့်အောင် လှုံ့ဆော်တာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို အလင်းရောင် ထိုးပြလိုက်တဲ့ လုပ်ရပ်လေးကတင် တရုတ်ခေါင်းဆောင်ပိုင်းကြားမှာ အချက်ပေးခေါင်းလောင်းသံ မြည်သွားစေနိုင်ပါတယ်။ ဒေသတွင်းက တရုတ်စီမံကိန်းတွေရဲ့ ဆိုးကျိုးတွေကို သိရှိနားလည်သွားတဲ့ မြန်မာပြည်သူတွေဟာ ဆန္ဒပြမှုတွေကနေတဆင့် တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို အခက်တွေ့အောင် လုပ်လာနိုင်ပါတယ်။ တရုတ်အတွက် ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ တော်လှန်ရေးအဖွဲ့တွေကို ဒီစီမံကိန်းတွေ တိုက်ခိုက်ဖို့ အားပေးလှုံ့ဆော်မှုတွေ ဖြစ်လာနိုင်တာပါပဲ။

ဒါတွေအပြင် ဦးမင်းဇင်ရဲ့ တက်ကြွလှုပ်ရှားခဲ့တဲ့ နောက်ခံသမိုင်းကြောင်းကလည်း သူ့ကို ပစ်မှတ်တခု ဖြစ်သွားစေတာ ဖြစ်နိုင်ပါတယ်။ တရုတ်တက္ကသိုလ်တခုရဲ့ ဖိတ်ကြားချက်နဲ့ သူ ဘာကြောင့် ကူမင်းကိုသွားဖို့ ဆုံးဖြတ်ခဲ့သလဲ ဆိုတာကတော့ မသိရပါဘူး။ အထူးသဖြင့် တရုတ်နိုင်ငံဟာ အရင်ကလည်း ပညာရပ်ဆိုင်ရာ ညီလာခံတက်ဖို့၊ တက္ကသိုလ်မှာ ဟောပြောဖို့ ဒါမှမဟုတ် မိသားစုဝင်တွေကို လာရောက်လည်ပတ်ဖို့ ရောက်ရှိလာတဲ့ ပညာရှင်တွေကို ဖမ်းဆီးခဲ့ဖူးတာကို သတိပြုသင့်ပါတယ်။

၂၀၁၉ ခုနှစ်က ဟော့ကိုင်းဒိုး တက္ကသိုလ်က ခေတ်သစ် တရုတ်သမိုင်း ပါမောက္ခဖြစ်သူ ဂျပန်လူမျိုး နိုဘူ အီဝါတာနီဟာ ဂျပန်အစိုးရအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ နိုဘူဟာ တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီ (Chinese Academy of Social Sciences) မှာ ဟောပြောပို့ချဖို့ ဖိတ်ကြားခံခဲ့ရတာပါ။ တရုတ်အာဏာပိုင်တွေက နိုဘူဟာ ဒုတိယ တရုတ်-ဂျပန် စစ်ပွဲနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေနဲ့ တရားမဝင် စာရွက်စာတမ်းတွေကို စုဆောင်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီအကြောင်းအရာဟာ ပေကျင်းအတွက် အထူးထိခိုက်လွယ်ပြီး သူတို့ရဲ့ တရားဝင် ဇာတ်ကြောင်းအတွက် အဓိကကျတဲ့ကိစ္စ ဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ အဆက်မပြတ် ဖိအားပေးမှုတွေကြောင့်သာ တရုတ်က နိုဘူကို ပြန်လွှတ်ပေးခဲ့တာပါ။

ဂျပန်နိုင်ငံမှာ အခြေစိုက်တဲ့ တရုတ်နိုင်ငံသား ပါမောက္ခတွေ ဖြစ်ကြတဲ့ ဖန်ယွန်တောင်း၊ ဟူရှီယွန်းနဲ့ ယွမ်ခယ်ချင်း တို့ဟာလည်း တရုတ်နိုင်ငံကို အလည်အပတ်သွားစဉ် ပျောက်ဆုံးသွားခဲ့ကြပါတယ်။ ဖန်နဲ့ ဟူတို့ကတော့ ၂၀၂၅ ခုနှစ်မှာ ဂျပန်ကို ပြန်ရောက်လာခဲ့ပေမဲ့ ဘာကြောင့်ဆိုတဲ့ ရှင်းလင်းချက် သိပ်မရှိခဲ့ပါဘူး။ ယွမ်ကတော့ ၂၀၂၄ ခုနှစ်မှာ သူလျှိုမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး ၂၀၂၆ ခုနှစ်ကျမှ ပြန်လွတ်လာခဲ့ပါတယ်။

ဦးမင်းဇင်ရဲ့ ISP-Myanmar အဖွဲ့ဟာ တရုတ်ရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် ကြီးမားတဲ့ အန္တရာယ်တခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ သုံးသပ်ချက်တွေနဲ့ ဦးမင်းဇင်ရဲ့ အဆက်အသွယ်တွေဟာ တရုတ်ရဲ့ အကျိုးစီးပွားတွေအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ပေကျင်းက ယူဆပုံရပါတယ်။ ဒါကြောင့် ဦးမင်းဇင် ကူမင်းကိုလာရောက်တဲ့ အခွင့်အရေးကို အသုံးချပြီး သူ့ကို ဖယ်ရှားလိုက်တာပါ။

ဦးမင်းဇင် ဖမ်းဆီးခံရမှုက ပေးနေတဲ့ အချက်ပြမှုကတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ကြီးထွားလာမှုနဲ့ ရည်မှန်းချက်တွေအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အရပ်သားတွေဟာ အတင်းအကျပ် ဖမ်းဆီးခံရတာနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ကြုံတွေ့နိုင်တယ် ဆိုတာပါပဲ။ စစ်အာဏာရှင်အစိုးရ ဒါမှမဟုတ် သူတို့ရဲ့ ဆက်ဆံရေးတွေကို လက်တွေ့ အန္တရာယ်ပြုနေဖို့တောင် မလိုပါဘူး။ ခြိမ်းခြောက်မှုတခုလို့ ယူဆရုံနဲ့တင် ဖမ်းဆီးခံရနိုင်ပြီး သူလျှိုမှုနဲ့ စွပ်စွဲခံရနိုင်ပါတယ်။

"ဦးမင်းဇင်ရဲ့ သုံးသပ်ချက်တွေနဲ့ တက်ကြွလှုပ်ရှားမှုတွေဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အန္တရာယ်ရှိစေတယ်" ဆိုတဲ့ ယုံကြည်ချက်က သူ့ကို ဖမ်းဆီးဖို့ တွန်းအားပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ နောက်ထပ် သတင်းစကားတခုကိုလည်း ပေးနေပါတယ်။ အဲဒါကတော့ ပေကျင်းရဲ့ မူဝါဒတွေကို ဝေဖန်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံတော်ရဲ့ လက်တံရှည်ကြီးက သူတို့ကို လိုက်မဖမ်းခင် တရုတ်နိုင်ငံကို အလည်အပတ်သွားမဲ့အပေါ် နှစ်ခါပြန် သေချာ စဉ်းစားသင့်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

အဒမ် ဘူဘနစ်ချ်

(စာရေးသူ အဒမ် ဘူဘနစ်ချ် (Adam Bubanich) သည် ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်ရှိ Sigur Center for Asian Studies တွင် အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး အာရှရေးရာ အစီအစဉ်များနှင့် စီမံကိန်းများကို စီမံခန့်ခွဲလျက်ရှိပါသည်။ သူသည် တရုတ်နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာ၊ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး၊ အရှေ့တောင်အာရှ၏ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုနှင့် တရုတ်နိုင်ငံ၏ နိုင်ငံတကာ ရည်မှန်းချက်များအကြောင်းကို သုတေသနပြု ရေးသားလျက်ရှိပါသည်။)

Ref: The Diplomat 

(The Diplomat  မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Adam Bubanich ရေးသားထားသည့်  “How an Academic Became Collateral Damage to China’s Interests in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013