
တောင်တရုတ်ပင်လယ်ထဲက ပိုင်နက်အငြင်းပွားနေတဲ့ ဟွမ်ယန်ကျွန်း ဝန်းကျင်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲမှုဌာနချုပ်က ရေတပ်နဲ့ လေတပ်တပ်ဖွဲ့တွေရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ နောက်ဆုံး စိန်ခေါ်မှုတွေအပေါ် အချိန်ကိုက်၊ ထိထိရောက်ရောက် တုံ့ပြန်တာလို့ တရုတ်စစ်ရေး ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့ နိုင်ငံတချို့ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ လုပ်ဆောင်ချက်အဖြစ် စစ်ရေးလေ့ကျင့်ခဲ့တာလို့ ကွပ်ကဲမှု ဌာနချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးတက္ကသိုလ် ပါမောက္ခ ကျန်းချီကလည်း တနင်္ဂနွေနေ့မှာ တရုတ်အစိုးရရုပ်သံ CCTVနဲ့ အင်တာဗျူးအတွင်း ထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေကို ထောက်ခံပြောဆိုခဲ့ပါတယ်။
အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ မိတ်ဖက်များ အစည်းအဝေး (ADMM-Plus) ရဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းအဖွဲ့မှာ တွဲဖက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားမှုကို အခွင့်ကောင်းယူပြီး ဖိလစ်ပိုင်ဘက်က ဆွေးနွေးညှိနှိုင်းမှုကတဆင့် သဘောတူညီချက်ရယူတဲ့ မူဝါဒကို ဘေးဖယ်ထားကာ သက်ဆိုင်ရာနိုင်ငံတွေကို စည်းရုံးရင်း တရုတ်နိုင်ငံပိုင် ဟွမ်ယန်ကျွန်းနားမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တယ်။
ဒါဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေလုပ်တဲ့ ရန်စမှုနဲ့ ဝါဒဖြန့်ချိရေး လုပ်ရပ်တခုသာ ဖြစ်တယ်လို့ ကျန်းချီက ပြောပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၃ ရက်က ဖိလစ်ပိုင်နိုင်ငံဟာ ကတိကဝတ်တွေကို ချိုးဖောက်ခဲ့ပြီး တရုတ်နိုင်ငံက တားမြစ်ဖို့ ကြိုးပမ်းချက်တွေကို လျစ်လျူရှုရင်း ရန်းအိုင်ကျောင်း လို့ တရုတ်လိုခေါ်တဲ့ ဒုတိယသောမတ်စ် ရေတိမ်သောင်ခုံမှာ တရားမဝင် ရပ်ထားတဲ့ ဖိလစ်ပိုင်သင်္ဘောတစင်းဆီ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဖို့ သင်္ဘောတစင်း စေလွှတ်ခဲ့တယ်လို့ ကျန်းချီက ပြောပါတယ်။
တရုတ်နိုင်ငံက အားလပ်ရက်ပွဲတော်တခုကို ကျင်းပနေချိန်မှာ ရန်စပြီး ဖြစ်ရပ်ကို လိုတာထက် ပိုကြီးအောင် လှုံ့ဆော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီနည်းအားဖြင့် ဖိလစ်ပိုင်ဘက်က ‘တောင်တရုတ်ပင်လယ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်း’ (DOC) ကို အပြင်းအထန် ချိုးဖောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အကြီးအကျယ် ထိခိုက်ပျက်ပြားစေခဲ့တယ်လို့ ကျန်းချီက စွပ်စွဲပြောဆိုပါတယ်။
Source: Reuters










